Connect with us

Hi, what are you looking for?

ဆောင်းပါး

လက်နက်ကြီးသံများကြားက စစ်မှုထမ်းမဲနှိုက်သံများ

မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်တာ လေးလပြည့်ခါနီးချိန်၊ နောက်ဆက်တွဲအင်အားအသင့်အတင့်ရှိတဲ့ ငလျင်ငယ်နှစ်ခုတစ်ရက်ခြားလှုပ်ခတ်သွားလို့ ငလျင်သောက ပြန်ရောက်နေချိန်မှာပဲ မန္တလေးမြို့ အရှေ့မြောက်ဘက်ကနေ တအုန်းအုန်းအသံတွေ ကြားလိုက်​ရပါတယ်။

ဇေအောင်/People’s Spring

မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်တာ လေးလပြည့်ခါနီးချိန်၊ နောက်ဆက်တွဲအင်အားအသင့်အတင့်ရှိတဲ့ ငလျင်ငယ်နှစ်ခုတစ်ရက်ခြားလှုပ်ခတ်သွားလို့ ငလျင်သောက ပြန်ရောက်နေချိန်မှာပဲ မန္တလေးမြို့ အရှေ့မြောက်ဘက်ကနေ တအုန်းအုန်းအသံတွေ ကြားလိုက်​ရပါတယ်။

အဲဒီလက်နက်ကြီးသံတွေကတော့ မတ္တရာနဲ့ နယ်စပ် ပုသိမ်ကြီးမြို့နယ်၊ မြကန်သာရွာအနီးက တိုက်ပွဲတွေဆီက လာတဲ့အသံတွေပါ။ တကယ်တော့ ဇူလိုင်လ ၂၀ ရက်နေ့ကပဲ မန္တလေး PDF နဲ့ ပူးပေါင်းအဖွဲ့က မန္တလေးမြို့နဲ့ ၁၅ မိုင်လောက်ပဲဝေးတော့တဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦးအပါအဝင်သုံ့ပန်း(၁၆)ဦး ဖမ်းဆီးရမိခဲ့ပြီး စစ်အုပ်စုဝင် အလောင်း (၁၅)လောင်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းပြီးပေမယ့် မန္တလေး PDF သိမ်းလိုက်တဲ့ ရွာသုံးရွာကို စစ်​ကောင်စီတပ်က​လေ​ကြောင်း ၊ကြည်း​ကြောင်းသုံးပြီး တန်ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မန္တလေး PDFက ဇူလိုင် ၂၄ ရက်မှာ ထပ်မံ အသိပေးပါတယ်။

ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေမှာလည်း စစ်တပ်ဆီကနေ လက်နက်ခဲယမ်းတွေ၊ ဒုဗျူဟာမှူးလို့ ယူဆရ​တဲ့ အရာရှိ ၁ ဦးအပါအဝင် စစ်သားအ​လောင်း ၇လောင်းထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ မန္တလေး PDFက ထုတ်ပြန်ပါတယ်။

စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေပေမဲ့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်၊ထန်းပင်ကုန်းကျေးရွာနဲ့ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ၊ မြကန်သာကျေးရွာတွေကို အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း မန္တ​လေး PDF ကထုတ်ပြန်ထားပါတယ်။

ဒါကြောင့်မန္တလေးမြို့တွင်း၊မြောက်ပြင်နဲ့ ပုသိမ်ကြီးမြို့နယ်ထဲကနေ လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နန်းရှေ့နဲ့ ပုသိမ်ကြီးမြို့နယ်မှာတော့ လက်နက်ကြီးသံတွေကြောင့် မြေကြီးတွေပါတုန်ခါပြီး အိမ်တွေပါလှုပ်ခါသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

“ လက်နက်ကြီးထုသံက ကိုယ်နေတဲ့အိမ်ပါတုန်တယ်တအုန်းအုန်းနဲ့ကြားနေရတယ်။” လို့ မန္တလေး နန်းရှေ့နေ အမျိုးသမီးတဦးက ပြောပါတယ်။

ငလျင်က ခဏတိုင်းလှုပ်နေလို့ ထပြေးနေရတဲ့အချိန် လက်နက်ကြီးသံတွေပါ ကြားလိုက်ရတော့ ရင်တုန်မိတယ်လို့ အဲဒီအမျိုးသမီးကဆိုပါတယ်။

မြကန်သာရွာအနီးတဝိုက်က ဒဟတ္တောရွာအပါအဝင် ပုသိမ်ကြီးမြို့နယ်ထဲက အခြားကျေးရွာတွေလည်း ကားကြီးကားငယ်တွေနဲ့ စစ်​ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မနက်မှာတော့ ဒဟတ္တောကျေးရွာက ပြည်သူတွေဟာ လိုအပ်တာ​ယူဖို့ ရွာထဲ ပြန်ဝင်တဲ့အခါ ကွန်ပြူတာတက္ကသိုလ်ထိပ်က စစ်အုပ်စုကအဝင်မခံတော့ဘဲလှည့်ပြန်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြကန်သာ၊ ဝသုန္ဒရ၊ ဒဟတ္တော စတဲ့ ရွာသုံးရွာက ပြည်သူ ၄၀၀ ဝန်းကျင်ကတော့ ကြာနီကန်ရွာမှာ ဇူလိုင် ၂ဝ ရက်နေ့ ညနေပိုင်းကတည်းက လာရောက်စစ်ရှောင်နေကြတယ်လို့မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay က အသိပေးပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲကအုန်းချောရွာဘက်လည်း ရှောင်ကြပါတယ်။အုန်းချောနဲ့မန္တလေးမြို့ ရပ်ကွက်တချို့မှာတော့ အိမ်ငှားခတွေစျေးတွေတက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လက်နက်ကြီးသံတွေ မြို့နဲ့နီးကပ်လာချိန်မှာပဲ နောက်ထပ်ဆူညံလာတဲ့အသံကတော့ ရပ်ကွက်ဓမ္မာရုံမှာ စစ်မှုထမ်းမဲနှိုက်တဲ့အသံတွေပါ။ ငလျင်ကြောင့် ယာယီရပ်နားထားတဲ့ စစ်မှုထမ်းမဲနှိုက်မှုဟာ ဇူလိုင်လမှာ ပြန်လည်စတင်လိုက်ပြန်ပါတယ်။ လက်ရှိ အောင်မြေသာစံမြို့နယ်မှာတော့ မြို့နယ်လုံးကျွတ်နီးပါး စစ်မှုထမ်းမဲနှိုက်နေရတယ်လို့ နယ်ခံတွေက ပြောပါတယ်။

“ တရက်နဲ့မပြီးလို့ နောက်တရက်ပါ ထပ်နှိုက်နေတယ်” လို့ အောင်မြေသာစံမြို့နယ်အနောက်ပိုင်းနေ အသက် ၃၀ အရွယ် လူငယ်တဦးက ပြောပါတယ်။

ဒီတခါမှာတော့ လိုက်ရမယ့်အပတ်စဥ်အလိုက် လူရှိအကုန် တခါတည်း မဲနှိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာဘက်က တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်ကသေဆုံးမှုတွေထဲမှာ စစ်မှုထမ်းတပ်သားသစ်တွေပါနေလို့ကြားတော့ စိတ်ညစ်မိတဲ့ မန္တလေးမြို့ခံ အသက် ၂၀ လူငယ်တဦးဟာ စစ်မှုထမ်းဖို့ပါ မဲနှိုက်ရတော့မယ်လို့ သိရတော့ အတော်လေးစိတ်ဓာတ်ကျနေပါတယ်။ “ ထမင်းကိုမစားနိုင်တော့ဘူး” လို့ သူက ပြောတယ်။

လက်ရှိမှာတော့ မန္တလေးဟာ ငလျင်ငယ်တွေ လှုပ်နေချိန် လက်နက်ကြီးသံတွေနဲ့ စစ်မှုထမ်းမဲနှိုက်သံတွေဟာ ရောထွေးနေပါတော့တယ်။ ။

ဆက်စပ်သတင်းများ

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

အတွေးအမြင်

-ကိုလီနို(လှိုင်သာယာ)​ရေးသားသည်။ မန္တလေးဆိုသည် နှင့် တချိန်ကယဉ်ကျေးမှု၊ အနုပညာနှင့် ကုန်သွယ်စီးပွားရေးတို့ အေးချမ်းစွာ စီးဆင်းရာ မြို့တော်တခုအဖြစ်မြင်ကြပေလိမ့်မည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေး၏ မြို့ပြလူနေမှုစနစ် နှင့်တရားဥပဒေစိုးမိုးရေးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။ ယနေ့ကာလ မန္တလေးမြို့လယ်ခေါင်တွင် သေနတ်ကိုင်၊ ဓားကိုင်ခွင့်ရထားသည့်အာဏာပိုင်တို့၏ လက်ပါးစေဇိုးများ၊...

သတင်း

မန္တလေးမြို့မှာ Tiktok ဆယ်လီတစ်ဦးက စီးပွားရေးသမားချင်းဖြစ်တဲ့ပြဿနာကို သူ့ဆိုင်ရှေ့မှာ စစ်တပ် လက်နက်တပ်ဆင်ပေးထားတဲ့ လူမိုက်တွေခေါ်ယူကာ အင်အားပြခဲ့ပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။