Connect with us

Hi, what are you looking for?

ဆောင်းပါး

နိုင်ငံတောင်ပိုင်းကပေးတဲ့ သတင်းစကား

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။

နေ့သစ်/People’s Spring

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။

စစ်တပ်က ဖေဖော်ဝါရီလမှာ စစ်ကိုင်းတိုင်းကဗန်းမောက်မြို့ နဲ့ ကရင်နီပြည်က ဖားဆောင်းမြို့ ၊ မတ်လ မှာ မန္တလေးတိုင်းကတကောင်းမြို့ တွေကိုထပ်မံထိန်းချုပ်နိုင်ခဲ့ပါတယ် ။ စစ်တပ်က တရုတ်၊ရုရှားတို့ ဆီကအကူအညီတွေ ၊ အဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းစစ်သားသစ်တွေ အင်အားကြောင်း ဆုံရှုံးထားတဲ့ ဒေသတွေထဲက မန္တလေး၊စစ်ကိုင်း ၊ရှမ်းမြောက် ၊ကရင်နီ ၊ကရင် စတဲ့ဒေသတွေကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီ တန်ပြန်ထိုးစစ်ဆင်လာနိုင်ခဲ့ပါတယ် ။

တရုတ် အစိုးရအကူအညီနဲ့ ကျည် ၁ ချက် မဖောက်ရပဲ ပြန်ရခဲ့တဲ့ လားရှိုးမြို့အပါအဝင် ၂၀၂၆ မတ်လမှ ပြန်ထိန်းချုပ်နိူင်ခဲ့တဲ့ တကောင်းမြို့အပါအဝင် မြို့ပေါင်း ၁၀ မြို့ကျော်ကိုစစ်တပ်ကပြန်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မဟာဗျူဟာမြောက်လမ်းပိုင်းအချို့ကိုလည်းပြန်ထိန်းချုပ်နိုင်ခဲ့သလို ဒေသအချို့ကိုလည်းဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

စစ်တပ်ကဒီလိုစစ်ရေး အခြေအနေပြန်ဦးမော့လာချိန်မှာပဲ နွေဦးတော်လှန်ရေးအစောပိုင်းမှာ စစ်ရေးမဖော်ဆောင်တာ နည်းလို့ အားမလိုအားမရဖြစ်ခဲ့တဲ့ နိုင်ငံ့တောင်ပိုင်းက တနင်္သာရီတိုင်းမှာတော့တော်လှန်ရေးတပ်တွေရဲ့ ပူးပေါင်းထိုးစစ်တွေကြောင့် စစ်တပ်အထိနာနေပါတယ် ။ ဒါကြောင့်အခုတပါတ် မြန်မာ နိုင်ငံ့တောင်ပိုင်းက တိုက်ပွဲတွေအကြောင်းပြောပြမှာဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ် (ကစယ်ဒိုမြို့နယ်)၊ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီးပေါ်မှာရှိတဲ့ ဝင်း၀ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလဆန်းမှာ စတင်ထိုးစစ်ဆင်ခဲ့ပါတယ် ။

အမှတ်(၈) လမ်းမကြီး၊မင်းဒပ်ကျေးရွာအတွင်း နှစ်ပေါင်း ၃၀ ကျော် တပ်စွဲထားတဲ့ ဝင်းဝစစ်တပ်စခန်းကို ဖေဖော်ဝါရီ ၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာမှာ စစ်တပ်က စစ်ကူတွေပို့ပြီး လေကြောင်းပစ်ကူအများအပြားသုံးကာ အပြင်းအထန်ခုခံခဲ့ပါတယ် ။

ဝင်းဝစခန်းကို သိမ်းပိုက်ဖို့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေချိန်မှာပဲ ကော်လားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့က KNLAတပ်ဖွဲ့တွေကို ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် KNLA ရဲဘော် တဦးနဲ့ လူငယ်တဦးကို ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါသေးတယ်။

အခက်အခဲတွေမျိုးစုံကြားက တော်လှန်ရေးတပ်တွေရဲ့ မဆုတ်မနစ် ကြိုးပမ်းတိုက်ခိုက်မှုကြောင့်စတင်ထိုးစစ်ဆင်ပြီး တစ်လကျော်အကြာ မတ်လ ၁၁ရက် ညနေမှာ ဝင်းဝစခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဝင်း၀ စခန်းသိမ်းတိုက်ပွဲကို KNLA ဗျူဟာအမှတ်(၂)ဦးဆောင်မှုဖြင့် K.N.LA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄)အထူးကွန်မိုတော်တပ်ဖွဲ့၊ ဗျူဟာ(၃၃)လက်အောက်ခံ T(5)တပ်ရင်း နဲ့ တော်လှန်ရေးတပ်ဖွဲများက ပူးပေါင်းထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မြိတ်ထားဝယ်ခရိုင်ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မ‌တော် ဗျူဟာအမှတ်(၂)လက်အောက်ခံတပ်ရင်းတွေရဲ့ ရဲရဲရင့်ရင့်စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ပေးဆပ်ကြတဲ့ခေါင်းဆောင်(အရာရှိ)များ၊ စစ်သည်တော် (ကျား/မ)များအားလုံး၊ မဟာမိတ်အဖွဲများအားလုံးကိုလည်း အသိအမှတ်ပြု တန်ဖိုးထားဂုဏ်ပြုကြောင်း KNU မြိတ်ထားဝယ် ခရိုင်က မှတ်တမ်းတင် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဆင်ရေးအတွင်း အသက်နဲ့ ခန္ဓာပေးဆပ်ခဲ့တဲ့ သူရဲကောင်းများ၊ ပြည်သူလူထုများ နဲ့ တိုက်ပွဲအတွက် အဘက်ဘက်မှပံ့ပိုးကူညီအားပေးခဲ့တဲ့ ပြည်သူလူထုများအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ဝင်းဝတပ်စခန်း တိုက်ခိုက်ခံရတဲ့ ကာလအတွင်း တိုက်ပွဲဖြစ်ပွားရာနေရာကိုသာမက တပ်မဟာ(၄)နယ်မြေအတွင်းကျေးရွာတွေကိုပါ လေကြောင်း တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဝင်းဝစခန်းဟာ အင်အား ၁၀၀ကျော်ရှိတဲ့ အခိုင်အမာစခန်းတစ်ခုဖြစ်ပါတယ်။စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်သေဆုံးခဲ့ပြီး လက်နက် ၄၀ ကျော်သိမ်းရခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် ရေလမ်းကနေထွက်ပြေးသွားပါတယ် ။ ထွက်ပြေးတဲ့ စစ်သားတွေကို တော်လှန်ရေးအဖွဲ့တွေက လိုက်လံတိုက်ခိုက်ခဲ့ပါသေးတယ် ။

ဝင်းဝ စခန်းဟာ သရက်ချောင်းမြို့နဲ့ ပုလောမြို့နယ်က ပလောက်မြို့ကြား မြိတ်-ထားဝယ်ကားလမ်းပိုင်းမှာ စစ်တပ်ရဲ့ တစ်ခုတည်းကျန်တဲ့ စခန်းဖြစ်ပြီးစစ်ရေးအရ အရေးပါတဲ့စခန်းတခုဖြစ်ပါတယ် ။

ဝင်းဝစခန်းသိမ်းပြီး သုံးရက်အကြာမှာပဲ မြိတ်-ထားဝယ်ခရိုင်၊ ပုလော(လယ်မူလား)မြို့နယ်၊ ပလောကျေးရွာအုပ်စု ၊တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းတစ်ခုကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကထပ်မံသိမ်းပိုက်ခဲ့ပါတယ် ။

တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ(၄) ပူးပေါင်းတပ်က မတ်လ ၁၁ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၄ ရက်မြောက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်သား ၆ဦးသေဆုံးပြီး ၃၀ဦးကျော် ထွက်ပြေးသွားတယ် KNU ကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ဆီက လက်နက် ၅ လက်နဲ့ ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီတပ်စခန်းဟာ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမ တောင်ယာကမ်းရွာမှာ တည်ရှိပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်တပ်က တပ်စွဲထားတာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ(၄) လက်အောက်ခံ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၅)၊ KNLA အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

တကယ်တော့ တောင်ယာကမ်းစခန်းအပါအဝင် ပုလောမြို့နယ်ကစစ်ရေးပစ်မှတ် ၄ ခုကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNLAတပ်မဟာ(၄) အထူးတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ မတ်လ ၁၁ရက်က တောင်ယာကမ်းရွာစစ်တပ်စခန်း၊ အောက်ပေါင်းရွာ ရဲစခန်း၊ စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ထိုင်ထားတဲ့ လေသာတောင် နဲ့ ပုလောမြို့ရဲစခန်းကို ကာထားတဲ့ ကာကင်းစခန်းတို့ကို တိုက်ခိုက်ခဲ့တာပါ။

အဲဒီ တိုက်ပွဲတွေမှာ စစ်တပ်က အရာရှိအပါအဝင် စစ်သား ၁၅ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တဲ့အပြင် ဒရုန်းတပ်ဖွဲ့ရဲ့ ဒရုန်းအကြီး ၂ စီး၊ အောက်ပေါင်းရွာ ရဲစခန်းတို့ကို ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော် ၄ဦး ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးပါတယ်။

၂၀၂၅ ခုနှစ် တနှစ်တာအတွင်းမှာ မြိတ်-ထားဝယ်ခရိုင်၊ အမှတ်(၄)တပ်မဟာနယ်မြေအတွင်းမှာပဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲတွေ နဲ့ အာဏာသိမ်းစစ်တပ်တိုအကြား တိုက်ပွဲ(၅၅)ကြိမ်ဖြစ်ပွားခဲ့ပါတယ်။စစ်တပ် ကအနည်းဆုံး (၁၇၃)ဦးသေဆုံးကာ (၈၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၄ ကအသိပေးပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့က အာဏာသိမ်းစစ်တပ်ရဲ့ ထီးထာ၊ မယ်သမီခီး၊ အီးသာခေး၊ မောတောင် နဲ့ မောမစား စတဲ့ တပ်စခန်းတွေ သိမ်းပိုက်ရရှိခဲ့ကြောင်း အသိပေးပါတယ်။

KNU တပ်မဟာ(၄)ဟာ အာဏာသိမ်းစစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်တာ နောက်ကျလို့ ဝေဖန်ခံခဲ့ရတဲ့ တပ်မဟာဖြစ်ပါတယ်။ဒါပေမယ့် ၂၀၂၅ ခုနှစ်မှာတော့ စစ်တပ်ရဲ့ အရေးပါတဲ့ နယ်စပ်စခန်းတွေ ကုန်သွယ်ရေးစခန်းတွေကို မဟာမိတ်တွေနဲ့ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ရေးဖော်ဆောင်တာ နောက်ကျတာ နှေးတာဟာ စစ်တိုက်ဖို့ လူအင်အား လက်နက်အင်အား ပြင်ဆင်မှု လုပ်ဆောင်ခဲ့တာလို့ KNU/KNLAမြိတ်ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားကပဒိုစောအယ်နားက ပြောပါတယ်။

အထနှေးပေမယ့် KNU/KNLA တပ်မဟာ(၄) တပ်ရင်းတပ်ဖွဲ့တွေဟာ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ထီးထ၊ထီးခီး၊ ဘောဒီ၊ ငါးရံ့နီ၊ သုခ၊မယ်သမီခီး၊ အီးသာခေး၊ မောတောင် ၊မောမစား စတဲ့ စစ်တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒါ့အပြင် တနင်္သာရီ၊ရေဖြူ၊ပုလော၊ထားဝယ်စတဲ့ တပ်မဟာ(၄)နယ်မြေအတွင်း ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကိုလည်း အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကစစ်ကောင်စီရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းကိုထိန်းချုပ်ထားတဲ့ ထီးခီးစစ်စခန်းကို ပြီးခဲ့တဲ့မေလ ၉ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။ ထီးခီးစခန်းဟာဆိုရင်လည်း KNU တပ်မဟာ(၄)ရဲ့ ဌာနချုပ်ဟောင်းနေရာဖြစ်လို့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရသာမက သမိုင်းအရပါ အရေးပါလှပါတယ်။

ဒါကြောင့် စစ်တပ်က စိတ်တိုင်းကျစီစဉ်ခဲ့တဲ့ရွေးကောက်ပွဲအပြီး ဗန်းမောက် ၊ ဖားဆောင်း ၊တကောင်းမြို့တွေပြန်ထိန်းချုပ်နိုင်ခဲ့ပြီးစစ်တပ် နိုင်နေပြီလို့ ကြွေးကြော် နေကြသူတွေအားလုံးကို ဝင်းဝစခန်းသိမ်းတိုက်ပွဲ ၊ တောင်ယာကမ်းရွာ စစ်စခန်းသိမ်းတိုက်ပွဲတွေကတော်လှန်ရေးတပ်တွေရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓါတ်ဓါတ်ကိုပြနေပါတယ် ။

အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တပ်တွေရဲ့ နတ်ရေကန် ဗျူဟာတိုက်ပွဲ ၊ ပန်းတောင်းမြို့နယ်ကပစ (၁၆ )နားကတိုက်ပွဲ ၊ကျောက်ဖြူနဲ့ စစ်တွေတိုက်ပွဲတွေ ၊ ကချင်လွတ်လပ်ရေးတပ်မတော်(AA) နဲ့ ပူးပေါင်းတပ်တွေရဲ့ ဗန်းမော် နဲ့ ဝိုင်းမော်တိုက်ပွဲတွေ ၊ PDF နဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်ကိုင်း နဲ့ ကချင်ပြည်နယ်အစပ်က တိုက်ပွဲတွေ၊ ချင်းပြည်နယ် ဖလမ်းမြို့တိုက်ပွဲတွေက နွေဦးတော်လှန်ရေး ဟာရှေ့ကတော်လှန်ရေးတွေနဲ့ ဘယ်လိုကွာခြားတယ်ဆိုတာကို အကြိမ်ကြိမ် ထင်ရှားစေခဲ့ပါတယ် ။

စစ်တပ်က အထူးသဖြင့် တရုတ်အစိုးရရဲ့ လက်နက် ၊နည်းပညာ ၊ဒရုန်းကနေ တိုက်လေူယာဉ်အထိ ၊ဘဏ္ဍာရေးအကူအညီတွေကြောင့် စစ်ရေးပြန်ဦးမော့လာပြီး ဆုံးရှုံးထားတဲ့မြို့ပေါင်း ၂၀ ခန့်ပြန်ထိန်းချုပ်နိုင်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေကလည်း နွေဦးတော်လှန်ရေးမှာပဲ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း ၈၀ ခန့်ရှိနေပါသေးတယ် ။

စစ်ရေးမှာ တက်လိုက်ကျလိုက်ဖြစ်တာဟာသဘာဝပဲမို့ ကိုယ့်ဘက်ကနိမ့်နေချိန်မှာ ဘယ်သူကပိုခံနိုင်ရည်ရှိသလဲ ၊ ဘယ်သူကဦးဆောင်မှုပိုကောင်းသလဲ ၊ဘယ်သူတွေကပိုစည်းလုံးသလဲ ဆိုတာတွေက အနိုင်အရှုံးအတွက် အရေးကြီးတဲ့အချက်တွေဖြစ်လာမှာဖြစ်ပါတယ် ။

မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)ဘက်မှာ အကြမ်းဖက်စစ်တပ်ကို KNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အထိနာအောင်တလျှောက်လုံး ပူးပေါင်းတိုက်ခိုက်နိုင်တာဟာ တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းကြား ညီညွတ်မှုရလဒ်ဖြစ်တယ်လို့ ကရင်လူငယ်အစည်းအရုံး(KYO)ဗဟို တွဲဖက်အတွင်းရေးမှူး စောအယ်ထီးကော်က ပြောပါတယ်။

“ဒါက ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား စုပေါင်းမှုနဲ့ ညီညွတ်မှုကို ပြတယ်လို့ကျနော်က မြင်တယ်။ စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက်က စုစည်းမှုနဲ့ ညီညွတ်မှုက အထူးလိုအပ်တယ်။ စုစည်းမှုနဲ့ ညီညွတ်မှုနဲ့ အတူတကွ တွန်းလှန်တိုက်ခိုက်မယ်ဆိုရင်တော့ သေချာတယ် ဒီစစ်အာဏာရှင် စနစ်ကတော့ အမြစ်ပြတ်မှာပဲ။ မတူညီတဲ့ အင်အားစုတွေ မတူညီတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တူညီတဲ့ စုစည်းညီညွတ်မှုနဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို ညီညွတ်စွာ တိုက်ပွဲဝင်ဖို့ လိုတယ်” လို့ ကိုစောအယ်ထီးကော်က ပြောပါတယ်။

“ဒါမှ မဟုတ်ရင်တော့ သေချာတယ် နောင်လာနောက်သားတွေ နောင်မျိုးဆက်တွေက ဒီအာဏာရှင်ကို ဆက်ပြီး တော်လှန်နေရမှာဖြစ်တဲ့အတွက် ကျနော်တို့ မျိုးဆက်ခေတ်မှာ စစ်အာဏာရှင် အပြီးတိုင် ဖျက်သိမ်းနိုင်ဖို့အတွက် စစ်အာဏာရှင် အပြီးတိုင် ကျရှုံးဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့အားလုံးသည် စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ရှိတဲ့နေရာမှာ အတူတကွ နားလည်မှု ရှိရှိနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ် တော်လှန်တိုက်ပွဲဝင်ဖို့လိုတယ်ဆိုတာ အကြံပြုချင်တယ်”လို့ကရင်လူငယ်အစည်းအရုံး(KYO)ဗဟို တွဲဖက်အတွင်းရေးမှူးကတိုက်တွန်းလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာသိမ်းမှုကြောင့် သံတမန်ဆက်ဆံရေး ဖယ်ကြဥ်ခံရအပြီး ငါးနှစ်အကြာမှာ မလေးရှားအစိုးရနဲ့ နေပြည်တော်တို့အကြား ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေကြပြီလို့ မလေးရှားအစိုးရပိုင် Bernama က ဖော်ပြပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေအနေနဲ့ ဂိုဏ်းဂဏမထောင်ဖို့ ကရင်နီပြည်တပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးပါတယ်။

သတင်း

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊မောတောင်မြို့ကို ထိန်းချုပ်ထားတဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကနေ ဆုတ်ခွာလိုက်ရပြီး အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားကြောင်းတော်လှန်ရေးသတင်းရင်းမြစ်အချို့ကအတည်ပြုပါတယ်။

သတင်း

အင်းတော်မြို့အနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ယမန်နေ့ကဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်သားလေးဦးသေဆုံးပြီး ရုပ်အလောင်းနဲ့လက်နက်တွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။