နေခန့်/People’s Spring
နေ့လယ်စာအတွက် ချက်ပြုတ်နေတဲ့ အသက် ၄၂ နှစ်အရွယ် မမိုးမိုး(အမည်လွှဲ)တစ်ယောက် အစောတလျင်ပြီးစီးဖို့ စီမံနေတယ်။ မနက်ကတည်းက ဝမ်းဗလာနဲ့ တောင်သူလုပ်ခဲ့ရတာတော့ ဝမ်းက ဟာလှလေပြီ။ ချက်ပြုတ်နေတယ်ဆိုလို့ ဖွယ်ဖွယ်ရာရာ ဟင်းတွေ မထင်လိုက်ပါနဲ့။ မိသားစုဝင်လေးယောက်ရှိတဲ့ သူတို့အတွက် ဟင်းက ကြက်ဥပြုတ်ကလေးနှစ်လုံးရယ်ပါ။
မမိုးမိုးက သူ ပြုတ်ထားတဲ့ ကြက်ဥပြုတ်နှစ်လုံးကို ဟင်းလှီးဓါးနဲ့ ထပ်ခြမ်းခြမ်းလိုက်တယ်။ ရလာတဲ့ ကြက်ဥပြုတ်တစ်ခြမ်းစီကို မိသားစုဝင်လေးယောက်ရဲ့ ထမင်းပန်ကန်ထဲတစ်ခြမ်းစီ အညီအမျှခွဲထည့်ပေးလိုက်ပါတယ်။ “ပိုက်ဆံရှိတဲ့အခါဆိုရင်တော့ ကြက်ဥနှစ်လုံးလောက်ဝယ်ပြီး ခြမ်းပြီးစားဖြစ်တယ်။ တခါတလေကျ ကြက်သွန်နဲ့နယ်ပြီးသုပ်စားတယ်။ ဆီရှိရင်တော့ ကြော်စားတယ်။ တစ်ယောက်တစ်လုံးတော့ မစားနိုင်ကြဘူး။”လို့ မမိုးမိုးက ပြောပြတယ်။
မမိုးမိုးက မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်က စစ်ဘေးရှောင်တစ်ယောက်ပါ။ သူတို့တတွေဟာ ငါန်းမြာကြီးရွာဇာတိတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်လာကာ မြစ်ကမ်းပါးအနီးမှာ လာရောက်နေထိုင်နေရသူတွေပါ။ အဲဒီနေရာမှာ မမိုးမိုးတို့မိသားစုအပါအဝင် စစ်ရှောင်ဦးရေ တစ်ထောင်ကျော် ရှိနေပါတယ်။ ဒီဆောင်းပါးမှာ မမိုးမိုးတို့ စစ်ရှောင်တွေ ဘယ်လိုခက်ခက်ခဲခဲနဲ့ ချွေချွေတာတာ စားသောက်နေရတယ်ဆိုတာ ပြောပြပေးမှာပါ။

Public Service Announcement

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP)ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မမိုးမိုးတို့လို ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃.၅ သန်းခန့်ရှိနေပြီး ပြီးခဲ့တဲ့နှစ် ငလျင်မလှုပ်ခတ်မီကတည်းက စားနပ်ရိက္ခာမလုံလောက်မှု ကြုံတွေ့နေရသူ အရေအတွက်ဟာ ၁၆.၇ သန်းရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှုဘေး အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး အကူအညီပေးဖို့ အလွန်အမင်း လျစ်လျူရှုခံထားရတဲ့ အရေးပေါ်အခြေအနေတစ်ခုလည်း ဖြစ်ကြောင်း WFP က ဆိုပါတယ်။
အရေးပေါ်အဆင့်ရှိပြီး အသက်ကယ်ဆယ်ရေးအကူအညီတွေ အရေးတကြီးလိုအပ်နေတဲ့ လူဦးရေ ၁ သန်းအပါအဝင် စုစုပေါင်း လူဦးရေ ၁၂.၄ သန်းဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်နေရတယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မမိုးမိုးတို့ဟာ မြစ်ကမ်းပါးအနီးမှာပဲ သက်ကယ်မိုး တဲလေးတွေနဲ့ နေထိုင်ကြပါတယ်။ “ကမ်းပါးဘေးနေရတာဆိုတော့ မိုးရွာအစို နေပူအခြောက်ပဲ။”လို့ မမိုးမိုးက ညီးတွားတယ်။

မမိုးမိုးတို့ စစ်ရှောင်တွေဟာ လေယာဥ်တွေနဲ့ဗုံးတွေကြဲနေချိန် ရွာကနေ လူလွတ်ထွက်ပြေးခဲ့ကြရတာဆိုတော့ ဘာမှယူလာလို့ မရခဲ့ဘူး။ “ခါးဝတ်ခါးစားနဲ့ ပြေးလာကြတာ။ အိုးခွက်ပန်းကန် ခွက်ယောက်တွေကအစ မပါဘူး။”လို့ မမိုးမိုးက ပြောပြတယ်။
မမိုးမိုးတို့တတွေဟာ စစ်ဘေးရှောင်စခန်းမှာ နေ့စဉ် စားဝတ်နေရေးအတွက် တောင်သူနေ့စားအငှားလိုက်သူ၊ ဘူးခွံပုလင်းခွံ လိုက်ကောက်သူတွေအဖြစ် ရုန်းကန်နေကြရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ မမိုးမိုးတို့ စစ်ရှောင်တွေနေရတဲ့နေရာဟာ ဆေးခန်းနဲ့ဝေးလို့ ကျန်းမာရေးကိစ္စတွေမှာလည်း အခက်အခဲရှိနေတယ်လို့ သိရတယ်။
မမိုးမိုးသည်လည်း တစ်ရက်ကို လုပ်အားခ တစ်သောင်းကျပ်လောက်သာရတဲ့ တောင်သူအလုပ်ကို အငှားလိုက်ရပါတယ်။ ဒါပေမဲ့ အလုပ်က နေ့တိုင်းမရှိ။ ဒီနေ့တော့ အလုပ်ကလေးရှိလို့ မမိုးမိုး ကြက်ဥကလေးနှစ်လုံး ဝယ်လာပြီး သူတို့မိသားစု ဟင်းလျာအဖြစ် ပြုတ်စားဖြစ်တာပါ။
မမိုးမိုးတို့ နောက်တမျိုး စားကြသေးတာက ဆားရည်ဖျော်ပါ။ တကယ်တော့ ငံပြာရည်စျေးကြီးလို့ သူ့အစား ဆားရည်ကိုဖျော်ပြီး ငရုတ်သီးမှုန့်လေးထည့်ကာ ဖျော်စားကြတာပါ။
စစ်ရှောင်တွေဟာ ဆီတစ်ခါဝယ်ရင် တစ်ဆယ်သားလောက်ဝယ်တယ်။ ဆန်ကိုတော့ နှစ်ဘူးသုံးဘူး ပြေးဝယ်ချက်ရသူတွေရှိတယ်။ နည်းနည်းတက်နိုင်တဲ့သူတွေက တစ်ပြည်နှစ်ပြည် ဝယ်ချက်ကြတယ်လို့ သိရတယ်။
အဲဒီလို ဟင်းကောင်းကောင်းမပါလို့ ထမင်းတော့ အနပ်မှန်မှန် စားရမယ်ထင်ရင် မှားပါလိမ့်မယ်။ ကျေးလက်မှာ မနက်စာကို ထမင်းပဲ စားတတ်ကြပေမဲ့ စစ်ရှောင်တွေကတော့ ရှားပါးလွန်းလို့ မနက်စာတစ်နပ် မစားရတာများတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
မမိုးမိုးတို့ မနက်လင်းလို့ ထမင်းရှိရင် ထမင်းစားကြပါတယ်။ “တစ်နေ့ကို သုံးခါတော့ မစားရဘူးပေါ့။ ရှိတဲ့အခါ(လုပ်ငန်းရှိတဲ့အခါ)တော့ စားရတာပေါ့။”လို့ မမိုးမိုးက ပြောတယ်။
မနက်အစောကြီးစာတွေမစားရဘဲ ဝမ်းဗိုက်ဗလာဟာတာတာနဲ့ အလုပ်သွားပြီး အလုပ်ကရလာတဲ့ပိုက်ဆံလေးနဲ့မှ မနက်စာကို စားရတယ်လို့ မမိုးမိုးက ပြောပြတယ်။
ထမင်းတောင်နပ်မမှန်တဲ့ စစ်ရှောင်တွေအတွက်အသားဟင်းကတော့ ပိုပြီးတောင်ဝေးပါတယ်။
တခါတလေ မြစ်ကမ်းနားနီးလို့ ငါးလုပ်တဲ့သူရှိလို့ ပေးတာတို့၊ တခါတလေ ဝယ်စားရတာရှိတယ်လို့ စစ်ရှောင်တွေက ပြောပြတယ်။ “ငါးတောင်မှ ကြီးကြီးမားမားဆို မစားနိုင်ကြပါဘူး။ ကြက်သားဝက်သားကတော့ နှစ်လသုံးလနေမှတစ်ခါလောက်စားရတာ။ တံငါလုပ်နေတဲ့သူတွေတောင် ငါးအကြီးမစားနိုင်ဘူး။ ရောင်းကြတာ။”လို့ မမိုးမိုးက ပြောတယ်။
ဒါက လူငယ်လူလတ်ပါတဲ့ စစ်ရှောင်တွေအတွက် စားရတဲ့ပုံစံပါ။ လူကြီးတွေနဲ့ အလုပ်မလုပ်နိုင်သေးတဲ့ ကလေးတွေများတဲ့ စစ်ရှောင်တွေဆိုရင် တစ်နေကုန်လို့မှ တနပ်မှမစားရတဲ့သူတွေရှိတယ်လို့ စစ်ရှောင်တွေကပြောတယ်။ “စားရလည်း ဆီဆမ်းစားရတာမျိုး။ သူတို့တွေဆိုပိုဆိုးတယ်။”လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေဟာ အဆမတန် ကြီးမြင့်နေပါတယ်။ မမိုးမိုးတို့စစ်ဘေးသင့်ဒေသတွေမှာ ဆန်ကြမ်းတစ်ပြည်ကို ငါးထောင်ကျပ်ခန့် ရှိနေပြီး စစ်ဘေးရှောင်တွေ အဓိက စားသုံးနိုင်တာဟာ ဈေးအချိုဆုံးဖြစ်တဲ့ တစ်တင်းခွဲကို ခြောက်သောင်းကျော်၊ ခုနစ်သောင်းဝန်းကျင်ရှိတဲ့ အညံ့ဆုံး ဆန်ကြမ်းများသာ ဖြစ်ကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ တကယ်တော့ အဲဒီဆန်ကြမ်းစျေးဟာ အာဏာမသိမ်းမီက ဆန်အချောအကောင်းစျေးတွေ ဖြစ်ပါတယ်။
“ဆန်ဆိုရင်လည်း သုံးနပ်စားရမယ့်နေရာ နှစ်နပ်လောက်စားပြီး ချွေတာရတယ်။”လို့ မမိုးမိုးက ပြောပြတယ်။
စစ်ရှောင်တွေ စားနေရတဲ့ဆန်ဟာ ဒေသတွင်းမှာ စျေးအပေါဆုံးနဲ့ အညံ့ဆုံးဆန်ကြမ်းတွေသာဖြစ်ကြောင်း စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။
“စျေးအချိုဆုံးဆန်။ သူတို့အနေအထားနဲ့ အစားနိုင်ဆုံးဆန်ပေါ့။ သူတို့အနေအထားကျ ကောင်းတာမစားနိုင်ဘူး။ နည်းနည်းချင်းလေးဝယ်ပြီး ချက်စားရတာ။”လို့ သူက ဆိုပါတယ်။
မမိုးမိုးတို့ စစ်ရှောင်တွေ မနက်စာ ဘာစားကြလဲဆိုရင် နေ့လယ်စာအတွက် ချက်ပြုတ်ရင်း ငှဲ့ထားတဲ့ ထမင်းရည်ကိုသာ သောက်ကြရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ “အစောကြီးစာကို ထမင်းရည်ပဲသောက်ကြရတာ။ ငါးဘူးကုန်ရမယ့်နေရာ တစ်ဘူးလောက်လျှော့ချက်ပြီး မနက်ခင်းကို ဖြစ်သလိုလေး စားကြရတယ်။ သုံးရက်စားရမယ့်နေရာ လေးရက်စားလို့ရအောင် ချွေတာရတာပဲလေ။”လို့ မမိုးမိုးက ပြောပြတယ်။
စစ်ရှောင်နေရာတွေကို မမိုးမိုးတို့ရောက်စကတော့ အလှူရှင်တွေ ရှိခဲ့ဖူးပေမဲ့ ယခုနောက်ပိုင်းမှာတော့ မလာသလောက်နည်းပါးသွားပြီလို့ စစ်ရှောင်ကူညီသူတွေက ပြောတယ်။
“ဘတ်ဂျက်နည်းနေသေးလို့ဆိုပြီး အလှုရှင်တွေ ချမပေးနိုင်သေးဘူး။ အရင်တုန်းကလို မဟုတ်တော့ဘူး။ အလှူရှင်တွေ တော်တော်နည်းသွားပြီ။”လို့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။
ရှားရှားပါးပါးလာတဲ့အလှူရှင်တွေ လာရင်လည်း ပိုပြီးနွမ်းပါးတဲ့၊ အဆင်မပြေတဲ့သူတွေကို ရွေးချယ်လှူပေးနေရတယ်လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် မြေပြင်မှာလည်း စစ်ရှောင်တွေကိုကူညီတဲ့သူတွေနဲ့ မြေပြင်အဖွဲ့တွေကြား နားလည်မှုလွဲတာလေးတွေ ရှိနေတယ်။ ဒါကြောင့် စစ်ရှောင်တွေကိုကူညီဖို့ရာကိစ္စတွေမှာ ကြန့်ကြာမှုတွေရှိနေတယ်လို့ သိရပါတယ်။
အထက်က ပြောပြခဲ့တာတွေဟာ မမိုးမိုးတို့ ငါန်းဇွန်ဒေသတစ်ခုတည်း ကြုံနေရတာမဟုတ်ပါဘူး။
မကွေးတိုင်းထဲမှာဆိုရင် စလင်းမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးလို့ ကျေးရွာနှစ်ရွာက အိမ်ထောင်စုနှစ်ရာခန့် စားနပ်ရိက္ခာအခက်အခဲတွေ ကြုံနေရတယ်လို့ စလင်းပကဖအဖွဲ့က ပြောပါတယ်။
ဒါ့အပြင် မြစ်ခြေမြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်းကြောင့် လူဦးရေထောင်ချီ ထွက်ပြေးနေရတယ်။ ပေါက်မှာလည်း လူဦးရေငါးထောင်လောက် ရှောင်ရတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်။ အဲဒီဒေသတွေက ပြည်သူတွေဟာလည်း စားနပ်ရိက္ခာအခက်အခဲတွေ ကြုံတွေ့ရင်ဆိုင်နေရပါတယ်။
WFP ကတော့ ပဋိပက္ခတွေနဲ့ နိုင်ငံရေးအကျပ်အတည်းတွေဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှု ပပျောက်ရေးအတွက် ယခင်ကရရှိခဲ့တဲ့ တိုးတက်မှုတွေကို နောက်ကြောင်းပြန်လှည့်သွားစေခဲ့ပြီး လူအများစုဟာ စားနပ်ရိက္ခာရရှိနိုင်မယ့် လမ်းကြောင်းတွေ (ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စီးပွားရေးအရ) လုံးဝလက်လှမ်းမမီနိုင်တော့ဘဲ ရုန်းကန်နေကြရတယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ လက်ရှိမှာလည်း ရက်တစ်ရာစီမံကိန်းအဖြစ် တော်လှန်ဒေသတွေကို စားနပ်ရိက္ခာတွေမရောက်အောင် စီမံနေကြောင်း မကွေးနဲ့စစ်ကိုင်းက တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
လက်ရှိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မေလဒုတိယပတ်ကစပြီး ခရီးသွားယာဥ်တွေ၊ ကုန်တင်ယာဥ်တွေကို စစ်တပ်က ပိုက်စိပ်တိုက်စစ်ဆေးနေပြီး တော်လှန်ဒေသတွေကို အစားအသောက်ကအစ သယ်ယူခွင့်မပေးတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“မြိုင်လမ်း သံလမ်းဂိတ်ကဆိုရင် ဘာမှအထွက်မခံတာ။ ချဉ်ပေါင်ရွက်လေးတောင်အထွက်မခံဘူးသိမ်းထားလိုက်တယ်”လို့ ပခုက္ကူဒေသခံတစ်ဦးက ပြောပါတယ်။
ငါန်းဇွန်နယ်က မမိုးမိုးတို့လို စစ်ရှောင်တွေဟာ လက်တလော ရွာပြန်ဖို့ကလည်း အဆင်မပြေသေးဘူး။ ငါန်းဇွန်နယ်က စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေကိုက ငါန်းမြာနယ်ကဒေသခံတွေဖြစ်နေတယ်လို့ သိရတယ်။
မြစ်ကမ်းဘေးက စစ်ရှောင်တွေဟာ အိမ်နဲ့ရာနဲ့နေခဲ့စဥ်က ထမင်းဝိုင်းတွေကို သတိရမိတယ်လို့ လွမ်းလွမ်းဆွတ်ဆွတ် ပြောပါတယ်။ စစ်ရှောင်ရင်း မဝတဝ စားနေရတော့ ဘာကိုများ စားချင်စိတ်ပေါ်မိလဲလို့မေးတော့ မမိုးမိုး သက်ပြင်းချတယ်။ “အစားအသောက်ကတော့ အသက်မသေရင် ပြီးတာပဲလေ။ အစားအသောက်ကို ဘယ်ဟာမှစားချင်တယ်ဆိုတာမျိုး မထားတော့ပါဘူး။ ကိုယ်က စစ်ဘေးရှောင်ဆိုတော့ စစ်ဘေးရှောင်လိုပဲ ကြုံရင်ကြုံသလိုမျိုး ဝပြီးရောပဲ စားနေကြရတာ။”လို့ ဖြေလိုက်ပါတယ်။




















































