Connect with us

Hi, what are you looking for?

ဆောင်းပါး

တကျော့ပြန်ဧရာဝတီတိုက်ပွဲနဲ့ အမြောက်တပ် ၃၄၄ စီးနင်းခံနေရချိန်

(AA တပ်ဖွဲ့ဝင်​တွေ နဲ့ ဧရာဝတီတိုင်းမှ PDF​တွေ)

‌ရွှေပြည်စိုး/ People’s Spring

စစ်အာဏာရှင်ကို ခုခံတော်လှန်ရေးမှာ အားအနည်းဆုံးဒေသလို့ လှောင်ပြောင်ခံရတဲ့ ၁၄မျဉ်းစောင်းဒေသမှာ အာရက္ခတပ်တော်(AA)ရဲ့ အကူအညီတွေနဲ့အတူ လူထုရဲ့တိုက်ပွဲခေါ်သံတကျော့ပြန် ညံလာပါပြီ။

၂၀၂၄ နှစ်ကုန်ပိုင်း နဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ဧရာဝတီရဲ့တိုက်ပွဲခေါ်သံတွေ ဆူညံပေါက်ကွဲနေခဲ့တာပါ။ ရခိုင်ပြည်နယ်၊ ဂွမြို့ကို၂၀၂၄ နှစ်ကုန်ပိုင်းမှာ အာရက္ခတပ်တော်(AA)က သိမ်းယူပြီး ရက်အနည်းငယ်အကြာမှာပဲ ဧရာဝတီတိုင်းထဲက ရွှေသောင်ယံကမ်းခြေမြို့မှာ တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းထဲမှာ အရင်ဦးဆုံးဖြစ်တဲ့ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂွမြို့နဲ့ပင်လယ်ကမ်းရိုးတန်း ဒေသချင်းဆက်စပ်နေတဲ့ ရွှေသောင်ယံမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို AAနဲ့ ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ရွှေသောင်ယံကမ်းခြေမှာ၂၀၂၁ ခုနှစ်မတိုင်မီက ကြည်း၊ ရေ၊လေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုလုပ်ပြီး ကြွားလုံးထုတ်ခဲ့တဲ့စစ်တပ်ဟာ အရှက်ကွဲခဲ့ပါတယ်။ AAနဲ့ ပူးပေါင်းတပ်တွေက ရွှေသောင်ယံကမ်းခြေဒေသအပြင် ရခိုင်ပြည်နယ်နဲ့ ဆက်စပ်ဒေသတွေဖြစ်တဲ့ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ် နဲ့ လေးမျက်နှာမြို့နယ်ထဲကစစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၅ မတ်လ ၂၈ရက်က စစ်ကိုင်းနဲ့ မန္တလေးမြို့ကိုဗဟိုပြုပြီး မြန်မာတစ်နိုင်ငံလုံးကိုအထိနာစေခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် AAက တစ်ဖက်သတ်အပစ်ရပ်ကြေညာခပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်းထဲကတိုက်ပွဲတွေလည်း ငြိမ်သက်သွားခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်နဲ့ဧရာဝတီတိုင်းကြားက စစ်ရေးအရအချက်အချာကျတဲ့စခန်းအချို့ကိုတော့ AAနဲ့ မဟာမိတ်တွေက အခြေချတပ်စွဲထားနိုင်ခဲ့ပါတယ်။ အဲဒီစခန်းတွေကို အာဏာသိမ်းစစ်တပ်ကလာပြီးတိုက်ခိုက်လို့ တိုက်ပွဲတွေကြိုကြားကြိကြားဖြစ်နေတာကနေမေလဆန်းပိုင်းမှာတော့ နောက်ထပ် တိုက်ပွဲလှိုင်း တစ်လှိုင်း အသက်ဝင်လှုပ်ရှားလာပါတယ်။

ရေကြည်မြို့နယ်ထဲကအမြောက်တပ်အမတ(၃၄၄) ကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက မေလဆန်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ရခိုင်ပြည်နယ်ဂွမြို့နဲ့ဆက်စပ်နေပြီးဂွ-ငသိုင်းချောင်းလမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄)ကို မေလ ၉ ရက်ကစပြီး AAနဲ့မဟာမိတ်တွေက ထိုးစစ်ဆင်နေတိုက်ခိုက်နေတာပါ။ မေလ ၁၅ရက်နေ့မှာ အမတ(၃၄၄)ကို AAနဲ့မဟာမိတ်တွေက ယာယီထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါ​ပေမယ့် လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာထားပါတယ်။

တိုက်ပွဲတွေဆက်ပြင်းထန်နေပြီ စစ်တပ်က လေကြောင်းကိုပဲအားကိုးပြီးခုခံနေရသလို ဧရာဝတီတိုင်းအတွင်း စစ်တပ်ရဲ့ဂျက်ဖိုက်တာနဲ့ Y12လေယာဉ်တွေ လည်းဒီရက်ပိုင်း စံချိန်တင်ပျံသန်းနေပါတယ်။

ရေကြည်မြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ကျုံပျော်၊ ဓနုဖြူ ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတ နဲ့ ဇလွန်မြို့နယ်တွေမှာမေလ ၁၈ရက် တနေကုန် နဲ့ မေလ ၁၉ရက် မနက်အစောပိုင်းအထိ ဂျက်ဖိုက်တာနဲ့ Y12လေယာဉ်တွေမကြာခဏ ပျံသန်းနေပါတယ်။

“တခါလာရင်ငါးမိနစ်ခြားတစီးနဲ့သုံးစီး၊လေးစီးလောက်လာတာ။နေ့ရောညရော။အရင်က ဒီ‌လောက်အထိမများဘူး။ဗုံးမကြဲခင်နဲ့ ဗုံးကြဲပြီး ပတ်ပျံနေတဲ့ပုံစံ။ ညသန်းကောင်အထိပဲ” လို့ဇလွန်မြို့ခံတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာတိုက်ပွဲတွေဖြစ်ရင် စစ်တပ်က အခုလို လေယာဉ်ပျံသန်းမှုတွေအပြင် ဂျက်ဖိုက်တာတွေ အနိမ့်ပျံပြီးခြိမ်းခြောက်မှုတွေရှိပေမယ့် ဒီရက်ပိုင်းအခြေအနေက လေယာဉ်အစီးရေပိုများတယ်လို့ ဒေသခံတွေကပြောပါတယ်။ ‌

အမတ(၃၄၄)အပြင် ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်ထဲမှာလည်း AAနဲ့မဟာမိတ်တွေက စစ်တပ်စခန်းတွေကိုတိုက်ခိုက်နေပြီးတိုက်ပွဲတွေဖြစ်နေပါတယ်။ရေကြည်နဲ့လေးမျက်နှာတိုက်ပွဲကလက်နက်ကြီးပစ်ခတ်သံ၊ လေကြောင်းကနေ ဗုံးကြဲသံတွေကို တိုက်ပွဲဖြစ်ရာနေရာကနေ ၁၀ မိုင်နဲ့ ၁၅ မိုင်ခန့်ဝေးတဲ့နေရာတွေကပါအတိုင်းသားကြားနေရပါတယ်။

လက်ရှိ စစ်ရေးသတင်းတွေကို AAနဲ့ PDF တွေက အသေးစိတ်မထုတ်ပြန်သေးပါဘူး။ဧရာဝတီတိုင်းစစ်မြေပြင်မှာတပ်မ (၆၆) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AAက ၂၀၂၅ နိုဝင်ဘာလ၁၁ရက်မှာ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

AYA PDF အမှတ် ၂၉ ဗျူဟာကတော့ဒေသတွင်းမှာဧရာဝတီတိုင်းကွပ်ကဲရေးအဖွဲ့ရဲ့ကွပ်ကဲမှုအောက်မှာမဟာမိတ်တပ်ဖွဲ့ဆွေနဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်နေတယ်လို့ မေလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းကမြို့နယ်တွေမှာတော့ ​မေ ၁၈ ရက်မနက်ပိုင်းအထိ စစ်တပ်ရဲ့ ဂျက်ဖိုက်တာနဲ့ Y12လေယာဉ်တွေ ပျံသန်းနေပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းထဲကမြို့အဝင်ဂိတ်တွေမှာ စစ်ကောင်စီရဲ့စစ်ဆေးမှုတွေပိုမိုများပြားနေပါတယ်။ အကယ်၍ ရုတ်တရက်တိုက်ခိုက်ခံရရင် အလျင်အမြန်ဆုတ်ခွာထွက်ပြေးနိုင်ဖို့အတွက် ကုန်ကားတွေ နဲ့ ခရီးသည်တင်ကားအချို့ကို ရဲစခန်းတွေရှိမှာ အလှည့်ကျ ချောဆွဲထားပါတယ်။

ဧရာဝတီတိုင်းရင်းသား ကုန်တင်ယာဥ်မောင်းတစ်ဦးက လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ သူ့ရဲ့ခံစားချက်ကို အခုလိုရင်ဖွင့်ပါတယ်။

” တိုက်ပွဲတွေဖြစ်ပြီဆိုအခုပဲမြို့သိမ်းခံရတော့မလို စိုးရိမ်နေတဲ့အနေအထားတွေနဲ့ စစ်ဆေးနေတာ။ ကျွန်တော်တို့ကတော့ ပေါက်တဲ့ နဖူး မထူးဘူး။ AA နဲ့ PDFတွေဝင်လာပါစေဆုတောင်းနေတာ”။ ။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။