Connect with us

Hi, what are you looking for?

ဆောင်းပါး

စာဖတ်ခြင်း

“စိတ်ကျန်းမာရေးအတွက် မမြင်ရတဲ့ ဆေးတစ်ခွက်”

-ခါကာဘို ရေးသားသည်။

“လူတွေ စုဝေးတဲ့ပွဲဆိုရင် စကားတွေပြောမယ်၊ သီချင်းဆိုကြမယ်၊ ဂိမ်းတွေ အတူဆော့မယ်၊ ဓာတ်ပုံတွေရိုက်မယ်” လို့ပဲ အများစုက ထင်ကြပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ အတ္တလန်တာမြို့မှာ ပြုလုပ်တဲ့ စုဝေးပွဲတစ်ခုကတော့ ထူးခြားပါတယ်။

စာပေဝါသနာပါသူ မိတ်ဆွေတွေ တနေရာမှာဆုံကြတယ်၊စကားစမြည်ပြောကြတယ်၊ သောက်စရာတွေ သောက်ကြတယ်။

ဒါပေမဲ့ ခဏအကြာမှာတော့ အားလုံး တိတ်ဆိတ်သွားပြီး ကိုယ့်စာအုပ်ကိုယ် ဖွင့်ဖတ်နေကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို စာဖတ်ဖို့အတွက် စုဝေးကြတဲ့အဖွဲ့ကို “Silent Book Club” လို့ ခေါ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အဖွဲ့ခွဲတွေ ရှိနေပြီး စာဖတ်ဝါသနာတူသူတွေ အတူတကွ တွေ့ဆုံနိုင်တဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။

ဒီနေ့ခေတ်မှာ လူအများစုရဲ့ လက်ထဲက ဖုန်းမျက်နှာပြင်ဟာစာအုပ်တစ်အုပ်ထက် အချိန်ပိုယူနေပါတယ်။ လူမှုကွန်ရက်တွေ၊ ဗီဒီယိုတိုတွေ၊ အဆုံးမရှိတဲ့ News Feed တွေကြားမှာ စာဖတ်ဖို့ အချိန်ပေးသူ နည်းလာပါတယ်။

လေ့လာမှုတွေအရ အမေရိကန်မှာအပန်းဖြေဖတ်ရှုတဲ့ အလေ့အထဟာ လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းသိသိသာသာကျဆင်းလာခဲ့ပါတယ်။

ဒါကြောင့် Silent Book Clubလိုစာဖတ်ပွဲတွေ၊ BookTok လို စာအုပ်အကြောင်း ဆွေးနွေးတဲ့ အွန်လိုင်းအသိုင်းအဝိုင်းတွေဟာ စာဖတ်ခြင်း ယဉ်ကျေးမှုကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတဲ့ လှုပ်ရှားမှုအသစ်တစ်ရပ်လို ဖြစ်လာပါတယ်။

ဒီပွဲတွေကို တက်ရောက်သူတွေကတော့ စာအုပ်ဖတ်ဖို့ အချိန်သီးသန့် ဖယ်ထားနိုင်တဲ့အတွက် ယခင်ကထက် ပိုပြီး စာဖတ်ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

လူတော်တော်များများက စာဖတ်တာကို ဗဟုသုတရဖို့၊စာမေးပွဲအတွက်ဒါမှမဟုတ် အလုပ်အတွက်လို့ပဲ တွေးတတ်ကြပါတယ်။

အမေရိကန် စာကြည့်တိုက်အသင်း ဥက္ကဋ္ဌ Sam Helmick ရဲ့ အဆိုအရ “အပန်းဖြေစာဖတ်ခြင်းကဦးနှောက်ကို စိတ်ဖိအားကို လျှော့စေတဲ့၊ စိတ်ကို အနားရ‌စေတဲ့ “decompress” လုပ်ပေးနိုင်ပါတယ်”။

ဆိုလိုတာက ရည်ရွယ်ချက်တစ်ခုခုအတွက် မဟုတ်ဘဲအချက်အလက်တွေ၊ဇာတ်လမ်းတွေကို သဘာဝကျကျ လက်ခံဖတ်ရှုနေတဲ့အချိန်မှာ ဦးနှောက်က ဖိအားတွေကို လျော့ချနိုင်တယ်ဆိုတဲ့ သဘောပါ။

ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ အိပ်မပျော်ခြင်း ပြဿနာတွေ တိုးလာနေတဲ့အချိန် တစ်ဦးတည်းဖြစ်စေ၊ မိတ်ဆွေတွေနဲ့တွေ့ဆုံကြပြီးဖြစ်စေ စာဖတ်တဲ့အလေ့အထက စိတ်ကျန်းမာရေးအတွက်အရေးကြီးတဲ့အထောက်အကူတစ်ခု ဖြစ်လာနိုင်ပါတယ်။

စာဖတ်တဲ့ အလေ့အထက ဝေါဟာရကြွယ်ဝစေတယ်၊ ဗဟုသုတတိုးပွားစေတယ်၊ စိတ်ကူးစိတ်သန်းတွေကို ကျယ်ပြန့်စေတယ်ဆိုတာ လူသိများပါတယ်။

ဒါတင်မကသေးပါဘူး။သုတေသနတွေက ပုံမှန်စာဖတ်တဲ့သူတွေမှာ အသက်ကြီးလာချိန် ဦးနှောက်စွမ်းရည် ကျဆင်းနိုင်ခြေ လျော့နည်းကြောင်း ဖော်ပြထားပါတယ်။

စာဖတ်ခြင်းက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှု လက္ခဏာတွေကို လျော့ပါးစေပြီး အိပ်စက်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

အချို့သော လေ့လာမှုတွေမှာတော့ ပုံမှန်စာဖတ်သူတွေဟာ သက်တမ်းပိုရှည်နိုင်ကြောင်းတောင် တွေ့ရှိထားပါတယ်။

စာဖတ်ခြင်းဟာတစ်ယောက်တည်း လုပ်ရတဲ့ လှုပ်ရှားမှုလို့ ထင်ရပေမယ့်တကယ်တော့ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ ကိုယ်ချင်းစာစိတ်ကို တိုးတက်စေပါတယ်။

ဇာတ်ကောင်တစ်ယောက်ရဲ့ ဘဝကို လိုက်ပါခံစားရင်း၊ ကိုယ်မကြုံဖူးတဲ့ အတွေ့အကြုံတွေကို စိတ်ကူးနဲ့ ဖြတ်သန်းရင်း လူသားတွေရဲ့ ခံစားချက်၊ အခက်အခဲနဲ့ အမြင်အမျိုးမျိုးကို နားလည်လာစေပါတယ်။

တစ်နည်းအားဖြင့် စာအုပ်တွေက ကျွန်တော်တို့ကို ဘဝသင်တန်းကြေး မပေးဘဲ အတွေ့အကြုံတွေ သင်ယူခွင့် ပေးနေကြတာပါပဲ။

လူတိုင်းရဲ့ အာရုံစိုက်နိုင်စွမ်းကို ဖုန်းနဲ့ လူမှုကွန်ရက်တွေက အမြဲယှဉ်ပြိုင်လုယူနေကြတဲ့ ဒီနေ့ခေတ်မှာ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်ဖို့ အချိန်ပေးခြင်းဟာ ဖျော်ဖြေရေးတစ်ခုသာ မဟုတ်တော့ပါဘူး။ ဦးနှောက်အတွက် အနားယူချိန်တစ်ခု၊ စိတ်ကျန်းမာရေးအတွက် ဆေးတစ်ခွက်လို အထောက်အကူတစ်ခု ဖြစ်လာပါတယ်။

တစ်ခါတစ်ရံ မိတ်ဆွေအသစ်တစ်ယောက်နဲ့ တွေ့ဆုံဖို့အတွက် စကားလုံးတွေ အများကြီး မလိုအပ်ပါဘူး။ စာအုပ်ကောင်းတစ်အုပ်နဲ့ တိတ်တဆိတ် ထိုင်ဖတ်နေတဲ့ အချိန်လေးကတောင် လူတွေကို အတူတကွ ချိတ်ဆက်ပေးနိုင်ပါတယ်။

စာဖတ်ခြင်းဟာ အသိပညာရဖို့သာမက ဘဝကို ပိုမိုနားလည်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ပိုမိုနားထောင်ဖို့နဲ့ လူသားဆန်မှုကို ပိုမိုနက်ရှိုင်းစေဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်နေဆဲပါပဲ။ ။

ကိုးကား-CNN Health

ဆက်စပ်သတင်းများ

ဆောင်းပါး

ဖုန်းတစ်ဖက်က အမျိုးသမီးကတော့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံအောက်မှာ ကျန်နေခဲ့တဲ့ သူ့မိသားစုဝင်တွေရဲ့ အလောင်းကို ပြန်မရသေးကြောင်း တည်ငြိမ်စွာ ပြောပြနေသည်။ဖုန်းရဲ့တဖက်ခြမ်းမှာတော့ နားထောင်ပေးနေသူ မမေတစ်ယောက် စိတ်ထိန်းမရတော့ဘဲ ငိုနေမိသည်။

ဆောင်းပါး

“မြန်မာနိုင်ငံကပြည်သူ ၇ဦးမှာ ၁ဦးက တစ်ကိုယ်ရည်စိတ်လုံခြုံမှုမရှိဘဲစိုးထိတ်နေရတယ်”

ဆောင်းပါး

"အိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တိုက်ပွဲကနားပြီး တခြားမှာတာဝန်ကျရင်တောင် အိမ်ပြန်ဖို့ကတော့မဖြစ်နိုင်သေးဘူး။ ဒီတော်လှန်ရေးမြန်မြန်ပြီးမှပဲ အဆင်ပြေမယ်"လို့ ကိုသူက သူဆန္ဒကိုပြောပါတယ်။

Infographics

ကိုယ့်ရဲ့ စိတ်အခြေအနေ၊ စိတ်ခံစားချက်တွေက ဘာတွေ ဖြစ်နေသလဲ ဆိုတာ သိပ်အရေးကြီးပါတယ်။ မျက်ကွယ် ပြုထားမိတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။