စက်တင်ဘာ-၂၊၂၀၂၆။ဇေအောင်/People’s Spring
မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိနေကြောင်းစိတ်ကျန်းမာရေးအထောက်အပံ့ပေးရေးအဖွဲ့ဖြစ်တဲ့“Narrative Power”အဖွဲ့အစည်းရဲ့ စစ်တမ်းမှာဖော်ပြထားပါတယ်။
Narrative Powerဟာမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးအကျပ်အတည်းများနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်လာတဲ့ ထိခိုက်မှုတွေကို ကုစားလျှော့ချနိုင်ဖို့၊ ကူညီဖို့ စတင်တည်ထောင်ခဲ့တဲ့ စိတ်ကျန်းမာရေးအထောက်အပံ့ပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
၎င်းအဖွဲ့က ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်အထိ ၈ လအတွင်း မြန်မာနိုင်ငံအတွင်းနေထိုင်သူ ၈၁၄ ဦးရဲ့ စစ်တမ်းအချက်အလက်တွေကို အခြေခံပြီး နိုင်ငံရေးပဋိပက္ခ၊ စစ်အာဏာသိမ်းမှု၊ စစ်မှုထမ်းဥပဒေ၊စီးပွားရေးအခက်အခဲ၊ပညာရေးလက်လှမ်းမမီမှု၊လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ခံရမှု နဲ့သဘာဝဘေးအန္တရာယ်တို့က စိတ်ကျန်းမာရေးပေါ် ဖြစ်ပေါ်စေတဲ့သက်ရောက်မှုတွေကိုလေ့လာထားတာဖြစ်ပါတယ်။

Public Service Announcement
လေ့လာချက်အရနိုင်ငံရေးပဋိပက္ခနဲ့ စစ်အာဏာသိမ်းမှုဟာပျမ်းမျှရမှတ်၄.၄၄မှတ်နဲ့ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် အမြင့်ဆုံး သက်ရောက်မှုရှိတဲ့ဖိအားအဖြစ်ထွက်ပေါ်လာတယ်လို့အစီရင်ခံစာအရသိရပါတယ်။ဒါ့အပြင်ပညာရေးလက်လှမ်းမမီမှုနဲ့စစ်မှုထမ်းဥပဒေတို့ဟာ ၄.၁ မှတ်နဲ့ တတိယအမြင့်ဆုံးဖြစ်နေခြင်းကလူငယ်တွေရဲ့ပညာရေးဆက်လက်သင်ယူခွင့်၊ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းတွေအပေါ် စိုးရိမ်မှု ကြီးမားနေကြောင်းနဲ့ မတရားစစ်မှုထမ်းခိုင်းမှုကြောင့် စိတ်ကျန်းမာရေး မြင့်မားစွာထိခိုက်နေကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဤရလဒ်ဟာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပဋိပက္ခ အခြေအနေတွေကလူထုရဲ့လုံခြုံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေးနဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ကျယ်ပြန့်စွာထိခိုက်စေကြောင်း ပြသနေတယ်လို့အစီရင်ခံစာမှာဖော်ပြပါတယ်။
ကျား/မ အုပ်စုများအလိုက် နှိုင်းယှဉ်ချက်အရ နိုင်ငံရေးနဲ့ စစ်ဖက်ဆိုင်ရာ ပဋိပက္ခတွေမှာ အမျိုးသားတွေရဲ့ ထိခိုက်မှုပျမ်းမျှရမှတ် (၄.၆၄)ဟာ အမျိုးသမီးများ (၄.၂၂) ထက် ပိုမိုမြင့်မားနေပြီး စီးပွားရေးနဲ့ စစ်မှုထမ်းဥပဒေဆိုင်ရာ ဖိအားတွေမှာလည်းအမျိုးသားများက ပိုမိုခံစားနေရကြောင်း တွေ့ရှိရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဖြေဆိုသူတွေထဲမှာအမျိုးသမီး၅၄ရာခိုင်နှုန်း၊အမျိုးသား ၄၄ ရာခိုင်နှုန်းနဲ့ အခြားအုပ်စု ၂ ရာခိုင်နှုန်း ပါဝင်ပြီး အများစုမှာ အသက် ၂၆ မှ ၃၅ နှစ်ကြား လူငယ်နဲ့ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တမ်းရဲ့အထင်ရှားဆုံးနဲ့အစိုးရိမ်ရဆုံး တွေ့ရှိချက်မှာ ဖြေဆိုသူအားလုံးနီးပါး မျှော်လင့်ချက်ပျောက်ဆုံးမှုကို အလွန်အမင်း သို့မဟုတ် အလွန်အကျွံ ခံစားနေရကြောင်း Narrative Power ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မျှော်လင့်ချက်ပျောက်ဆုံးခြင်းဟာ စစ်တမ်းရဲ့ အထင်ရှားဆုံး တွေ့ရှိချက်ဖြစ်ကြောင်း၊ ဖြေဆိုသူ ၄၄၅ ဦး (၅၅%) ဟာ “အလွန်အမင်းခံစားရသည်”လို့ ဖော်ပြခဲ့ပြီး၊ ၃၆၉ ဦး (၄၅%) ဟာ “အလွန်ခံစားရသည်”လို့ ဖြေဆိုကြောင်း၊တစ်နည်းအားဖြင့် ဖြေဆိုသူအားလုံးဟာမျှော်လင့်ချက်ပျောက်ဆုံးမှုကို အနည်းဆုံး “အလွန်ခံစားနေရသည်”လို့ ဆိုနိုင်ကြောင်း အစီရင်ခံက အသိပေးပါတယ်။
ဒါ့အပြင်ဖြေဆိုသူတွေရဲ့ ၄၃ ရာခိုင်နှုန်းမှာ စိုးရိမ်စိတ်ကိုမကြာခဏသို့မဟုတ်ဆက်တိုက်ခံစားနေရပြီး ၃၅ ရာခိုင်နှုန်းမှာ စိတ်ကျရောဂါလက္ခဏာတွေကို ထပ်ခါတလဲလဲ ကြုံတွေ့နေရကာ ၂၉ ရာခိုင်နှုန်းမှာအိပ်စက်မှုပြဿနာများ ရှိနေတယ်လို့ ဆိုပါတယ်။
ပြည်သူအများစုဟာ စိတ်ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို လုံလောက်စွာ ရရှိနိုင်ခြင်း မရှိကြောင်း၊ စစ်တမ်းမှာ ဖြေဆိုသူတွေရဲ့ ၈၅ ရာခိုင်နှုန်း (အနည်းငယ်သာရရှိနိုင်သူ ၅၃% နှင့် လုံးဝမရရှိနိုင်သူ ၃၂%) က စိတ်ကျန်းမာရေးအကူအညီ လုံလောက်စွာ မရရှိကြောင်း ဖော်ပြထားပါတယ်။
ဤအချက်ဟာ စိတ်ကျန်းမာရေးကူညီထောက်ပံ့မှုလိုအပ်ချက်မြင့်မားနေချိန်မှာ လုံခြုံစိတ်ချရတဲ့ဝန်ဆောင်မှုတွေ၊အကြံပေးဆွေးနွေးမှုတွေ၊အကူအညီတွေနဲ့ရပ်ရွာအခြေပြုထောက်ပံ့ရေးစနစ်တွေမလုံလောက်သေးကြောင်း ညွှန်ပြနေတယ်လို့ အစီရင်ခံစာမှာ ထောက်ပြပါတယ်။
ယခုလေ့လာတွေ့ရှိချက်အရစိတ်ကျန်းမာရေးပြဿနာဟာ တစ်ဦးချင်းရဲ့ သီးခြားပြဿနာမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေ ပေါင်းစပ်ဖြစ်ပေါ်စေတဲ့လူမှုကျန်းမာရေးအကျပ်အတည်းတစ်ခုဖြစ်ကြောင်း ထင်ရှားစေတယ်လို့Narrative Power ကထောက်ပြပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေးပဋိပက္ခတွေရဲ့ ရမှတ်တွေ မြင့်မားနေတာဟာ ပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်မှု၊ မိသားစုဝင်ဆွေအပေါ် စိုးရိမ်ရမှု၊ နေထိုင်ရေးမတည်ငြိမ်မှုနဲ့ အနာဂတ်မသေချာမှုတို့ကြောင့် ဖြစ်နိုင်ကြောင်း Narrative Power က ဆိုပါတယ်။
ပညာရေးအခက်အခဲနဲ့ စီးပွားရေးအခက်အခဲတွေကလည်း လူငယ်တွေအတွက် ဘဝတိုးတက်ရေးလမ်းကြောင်းတွေကိုကန့်သတ်သကဲ့သို့ ခံစားရစေပြီး မျှော်လင့်ချက်ပျောက်ဆုံးမှုကို ပိုမိုပြင်းထန်စေတယ်လို့ Narrative Power က အစီရင်ခံစာမှာ ရေးသားပါတယ်။
ဖြေဆိုသူအားလုံးက မျှော်လင့်ချက်ပျောက်ဆုံးမှုကို အလွန် သို့မဟုတ်အလွန်အမင်းခံစားရတယ်လို့ ဖော်ပြထားတာဟာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ဤရလဒ်ကို စိတ်ကျန်းမာရေးရောဂါအတည်ပြုချက်အဖြစ် မသတ်မှတ်နိုင်သော်လည်း၊ လူထုအတွင်း စိတ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်ပင်ပန်းနွမ်းနယ်မှုနဲ့ အနာဂတ်အပေါ် အားလျော့မှုတို့ အလွန်ကျယ်ပြန့်နေကြောင်း ပြသတဲ့အရေးကြီးတဲ့ အချက်ပြတစ်ရပ်ဖြစ်ကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် စိတ်ကျန်းမာရေးအကူအညီကို မလုံလောက်ဟု ဖြေဆိုသူ ၈၅ ရာခိူင်နှုန်း ရှိနေတာဟာ စိတ်ကျန်းမာရေးဝန်ဆောင်မှုစနစ်ကို ချဲ့ထွင်ဖို့ အရေးကြီးလိုအပ်ကြောင်း ဖော်ပြနေကြောင်း၊ဝန်ဆောင်မှုတွေဟာ မြို့ပြဒေသတွေမှာ သာမက ဒေသအသီးသီးသို့ပါ ရောက်ရှိနိုင်ဖို့၊ကုန်ကျစရိတ်သက်သာဖို့၊ လျှို့ဝှက်မှုနဲ့လုံခြုံမှုရှိဖို့၊ဒေသဘာသာစကားနဲ့ယဉ်ကျေးမှုအခြေအနေကိုနားလည်တဲ့ပုံစံနဲ့ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။
ယခုလေ့လာမှုဟာ ဖြေဆိုသူ ၈၁၄ ဦးရဲ့ စစ်တမ်းဒေတာပေါ် အခြေခံပြီး မြန်မာနိုင်ငံရှိ လူငယ်နဲ့ အလုပ်လုပ်နိုင်သောအရွယ်အုပ်စုတွေမှာ စိတ်ကျန်းမာရေးဖိအားတွေကျယ်ပြန့်စွာရှိနေကြောင်း ဖော်ထုတ်ပြသခဲ့တာလို့ ဆိုပါတယ်။
နိုင်ငံရေးပဋိပက္ခနဲ့ စစ်အာဏာသိမ်းမှုဟာ အမြင့်ဆုံးသက်ရောက်မှုရှိတဲ့အကြောင်းရင်းတွေဖြစ်ပြီး၊ပညာရေးအခက်အခဲ၊စီးပွားရေးအခက်အခဲနဲ့ စစ်မှုထမ်းဥပဒေတို့လည်း ပြင်းထန်တဲ့ ဖိအားတွေအဖြစ် တွေ့ရှိရတယ်လို့ သိရပါတယ်။
မျှော်လင့်ချက်ပျောက်ဆုံးမှု မြင့်မားလာခြင်းနဲ့ စိတ်ကျန်းမာရေးအကူအညီမလုံလောက်ခြင်းတို့ဟာ အရေးပေါ်အာရုံစိုက်ရန်လိုအပ်တဲ့ အခြေအနေတွေဖြစ်ကြောင်း၊ ဒါ့ကြောင့် စိတ်ကျန်းမာရေးကို ကျန်းမာရေးကဏ္ဍတခုတည်းအဖြစ်မကြည့်ဘဲ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး၊ အလုပ်အကိုင်၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေးဝါဒတွေနဲ့ ပေါင်းစပ်ပြီး ဖြေရှင်းဖို့ လိုအပ်နေကြောင်း Narrative Power အဖွဲ့ကက တိုက်တွန်းထားပါတယ်။


















































