စာသင်ကျောင်းထဲမှာ ချွန်ထက်တဲ့ လက်နက်တစ်ခု ကိုင်ဆောင်ပြီး အတန်းဖော်တွေကို တိုက်ခိုက်ခဲ့တဲ့ ဗီယက်နမ် ကျောင်းသားကို စုံစမ်းစစ်ဆေးနေကြောင်း ဗီယက်နမ် ရဲတပ်ဖွဲ့က ကြေညာပါတယ်။
အဲဒီ တိုက်ခိုက်မှုဟာ စက်တင်ဘာ ၄ ရက်နေ့တုန်းက ဟိုချီမင်းစီးတီးမှာရှိတဲ့ စာသင်ကျောင်း တစ်ခုမှာ ဖြစ်ခဲ့ပေမယ့် ရဲတွေက စက်တင်ဘာ ၇ ရက်နေ့မှ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းရဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာတော့ လက်နက်ကိုင်ထားတဲ့ ကျောင်းသားရဲ့ လက်ချက်ကြောင့် ကျောင်းသားတချို့ သွေးအလူးလူးနဲ့ ဒဏ်ရာတွေ ရခဲ့တာကို တွေ့ခဲ့ရပါတယ်။
စက်တင်ဘာ ၇ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တိုက်ခိုက်မှုမှာ စုစုပေါင်း ဒဏ်ရာရသူ ၅ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရဲတွေဟာ ကျောင်းရဲ့ လုံခြုံရေးတွေနဲ့ ပူးပေါင်းပြီး အသက် ၁၅ နှစ်ဝန်းကျင် ကျောင်းသားကို ဝိုင်းဝန်း ဖမ်းဆီးခဲ့ပါတယ်။ ဒဏ်ရာရထားတဲ့ ကလေးတွေကိုလည်း ဆေးရုံပို့ဆောင်ခဲ့ပြီး အခုတော့ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ သိရပါတယ်။
ဟိုချီမင်းစီးတီး ရဲတပ်ဖွဲ့က အခုအမှုကို ကိုင်တွယ်ဖို့အတွက် ရာဇဝတ်မှု စုံစမ်းရေး အထူးရဲဌာနကို တာဝန်ပေးအပ်ထားပြီး ဒေသခံ ရဲစခန်းနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ကနဦး စစ်ဆေးမှုတွေမှာတော့ တိုက်ခိုက်မှု ကျူးလွန်တဲ့ ကျောင်းသားဟာ ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ လိုက်လျောညီထွေ နေထိုင်နိုင်စွမ်းမှာ မူမမှန်မှု အခြေအနေတွေကြောင့် ဆေးစစ်မှု ခံယူဖူးကြောင်း၊ သူ့ကို ဖမ်းမိချိန်မှာ အပြုအမူပိုင်းရော၊ စိတ်ခံစားချက်ပိုင်းပါ ပုံမှန်မဟုတ်တဲ့ အနေအထားမျိုး တွေ့ရကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
အဖမ်းခံထားရတဲ့ ကျောင်းသားနဲ့ နီးစပ်သူတွေဆီကနေ ထွက်ချက်ရယူတဲ့ အခါမှာတော့ သူဟာ မကြာသေးခင် ရက်ပိုင်းတွေအတွင်း နေ့စဉ် လူနေမှု ဘဝမှာရော၊ ကျောင်းမှာပါ ပိုပြီး အဆင်မပြေတဲ့ လက္ခဏာတွေ ပြလာခဲ့တယ်လို့လည်း ပြောပြကြပါတယ်။ ဒါ့အပြင် အဲဒီကျောင်းသားဟာ နိုင်ငံခြား လူမှုကွန်ရက် အဖွဲ့တစ်ခုဆီက အဖျက်သဘောဆောင်တဲ့ ရေးသား အကြံပြုချက်တွေကို ဖတ်ရှုပြီး တိုက်ခိုက်မှု ကျူးလွန်ဖို့ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု ခံခဲ့ရပုံပေါ်ကြောင်း ရဲတွေက ကနဦး သုံးသပ်ထားပါတယ်။
ရဲတွေကတော့ လူထုကြားမှာ အထူးစိတ်ဝင်စားနေ၊ စိုးရိမ်နေတဲ့ အမှုနဲ့ ပတ်သက်လို့ ထင်ကြေးတွေ၊ သတင်းအမှားတွေ၊ ယုန်ထင်ကြောင်ထင် ဖြစ်စေမယ့် အရေးအသားတွေ ဖြန့်ဝေတာမျိုး မလုပ်ဖို့ ဗီယက်နမ် လူမှုကွန်ရက် သုံးစွဲသူတွေကို သတိပေးထားပါတယ်။ ပြီးတော့ တိုက်ခိုက်သူဟာ အသက်မပြည့်သေးတဲ့အတွက် သူ့ရဲ့ ဓာတ်ပုံနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ မျှဝေတာမျိုး မလုပ်ဖို့လည်း ရဲတွေက တိုက်တွန်းထားပါတယ်။
မိဘတွေ အနေနဲ့လည်း ကိုယ့်ကလေးရဲ့ အနေအထိုင်၊ အပြုအမူ ပြောင်းလဲပုံတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ကလေးတွေနဲ့ များများထိတွေ့ကြဖို့ ရဲတပ်ဖွဲ့က အကြံပြုထားပါတယ်။ စာသင်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုရဲ့ အသေးစိတ် အကြောင်းရင်းကိုတော့ ရဲတွေက မကြေညာသေးဘဲ ဆက်လက် စုံစမ်းနေဆဲလို့ပဲ ပြောကြားထားပါတယ်။
ကိုးကား: The Star

















































