ထွန်းညိုဦး/People’s Spring
စစ်ကိုင်း၊ မင်းကွန်းကို ဧရာဝတီမြစ်ရေကြောင်းကနေသွားခဲ့ရင်ကျွန်းပေါ်ရွာကလေးတစ်ရွာကို မြင်ဖူးကြလိမ့်မယ်။ရွာကလေးက အမည်ကလေး လှပါတယ်။ နန်းတော်ကျွန်းတဲ့။ မတ္တရာမြို့နယ်ထဲပါတဲ့၊ အင်မတန်လှတဲ့ ရွာကလေးပါ။
တေးရေး ကိုလေးလွင်ရေးတဲ့ မမမန်းကေသီဆိုတဲ့ သီချင်းထဲမှာ “မင်းကွန်းဘက်ကိုသွားကာ လည်တော့လည်း တလီ၊ နန်းတော်ကျွန်းရွာလေး တည်နေပုံက လှပနေသည်”ဆိုပြီး ထည့်သွင်းစပ်ဆိုဖူးတဲ့ ရွာကလေးပါ။ ပန်းချီဆရာတွေ၊ ဓါတ်ပုံဆရာတွေ နှလုံးမွေ့ကြတဲ့ ရွာကလေးပါ။ အခုကော ဘယ်လိုများ ရှိနေပါသလဲ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းဘက် စစ်ရေးရှိလာတော့ မြစ်အတွင်းရွာတွေမှာ စစ်တပ်က စခန်းချလာကြတယ်။ ကျွန်းရွာကလေး နန်းတော်ကျွန်းမှာလည်း စစ်တပ် စခန်းလာထိုင်တယ်။ စခန်းချတော့ တော်လှန်ရေးအင်အားစုတွေလည်း ဒရုန်းတွေနဲ့ လာချတာတွေ၊ နှစ်ဖက်တိုက်ပွဲတွေ ရှိခဲ့တယ်။ နန်းတော်ကျွန်းဟာ အရင်လို မသာယာ၊ မလှပတော့ဘူး။

Public Service Announcement
စစ်ကြောင့် ညက်ညက်ကြေသွားတဲ့ နန်းတော်ကျွန်းဟာအခုဆိုရင်ဘူးလေးရာဖရုံဆင့် မြစ်ကမ်းပါး ပြိုကျမှုဒဏ် ကောင်းကောင်းကြီး ရင်ဆိုင်နေရပြန်တယ်။ဒီနှစ်ဝါဆို ရေဦပေါက်၊ ဧရာဝတီမြစ်ရေ တဝေါဝေါတက်လာချိန် မြစ်ကမ်းပါးတွေ တဝုန်းဝုန်းပြိုတော့တာပါပဲ။
မြစ်ကမ်းပါးပြိုလို့ အိမ် ၁၈ လုံး ဖျက်လိုက်ရတယ်။ ဒါက ဒီတစ်နှစ်တည်းတင်ပါ။ ရှေ့နှစ်ရှေ့နှစ်တွေက ဖြိုခဲ့ဖျက်ခဲ့ရတဲ့ အိမ်ပေါင်း မနည်းတော့ပါဘူး။ ရွာသူရွာသားတွေ ကြိုပြီးမစီစဥ်ဘူးလားတဲ့။ ဘယ်နေလိမ့်မလဲ။ ရေမတက်ခင် လေးလလောက်အလိုကတည်းက ရွာသူရွာသားတွေ ချွေးနည်းစာလေးတွေ စုဆောင်းပြီး ရေကာတာ ဆောက်ခဲ့ကြပါတယ်။ အဆင်မပြေခဲ့ပါဘူး။
ရွာက ဆရာတော်က ရေကိုကန်သွားအောင် မြစ်ကမ်းပါးမှာ သူ့မယ်တော်အထိမ်းအမှတ် ရေကန်ကြီး ဆောက်လှူပေးခဲ့တယ်။ အဲဒီရေကန်ကြီးလည်း တနေ့ကပဲ ရွာသူရွာသားတွေ မျက်စိရှေ့တင် မြစ်ထဲ ဝေါကနဲ ပါသွားတာ။ မြင်ရတဲ့ ရွာသူရွာသားတွေ မျက်ရည်ကျရတယ်။
မြစ်ကမ်းပါး ပြိုကျမှုတွေက နန်းတော်ကျွန်းတင်မကပါဘူး။ ဧရာဝတီမြစ်တလျှောက် ဒေသအသီးသီးက ကမ်းဘေးရွာတွေ တဖြုန်းဖြုန်းပြိုနေကြတာပါ။ လက်တလောသတင်းတွေအရ မန္တလေးတိုင်းထဲ ရွာတွေတင်မက မကွေးတိုင်းထဲကပခုက္ကူမှာလည်းပြိုပါတယ်။ မရိုးကုန်းရွာပါတဲ့။ ပွင့်ဖြူမြို့နယ်၊ ခုံစုကျေးရွာမှာလည်း ပြိုပါတယ်။
ဧရာဝတီဟာ မျက်နှာမလိုက်ပါဘူး။ အညာနဲ့ မြေလတ်တင်မက အောက်ပိုင်းက အကြေအရပ်တွေမှာ မြစ်ကမ်းပါး ပြိုပါတယ်။ လက်ပံတန်းမြို့နယ်၊ အရိုးကုန်းရွာထိပ်မှာဆိုရင် ကမ်းပါးတွေပြိုလို့ ပြည်သူတွေခမျာ အတော်လေး စိတ်သောက ရောက်ကြရတယ်။
ပြည်သူတွေဟာ ကိုယ့်ရွာကလေး ကမ်းပြိုတဲ့အထဲ မပါဖို့အရေး ကမ်းပါးတွေကို ကိုယ်ထူကိုယ်ထ ကာကွယ်ကြပါတယ်။ မိုးကာကြီးတွေနဲ့ အုပ်လိုအုပ်ပေါ့။ မရခဲ့ပါဘူး။ တဝေါဝေါ ပြိုတာပါပဲ။
ကမ်းပါးပြိုကျမှုဟာ ရေတက်ချိန်တင်မကဘဲ ရေကျချိန်မှာလည်း ပြိုတတ်ပြန်ပါတယ်။ ဒီနှစ် ဝါထပ်တာမို့ ရေကလည်း ပိုကြီးမယ်လို့ ဒေသခံတွေ ယုံကြည်ထားပါတယ်။ မြစ်ကမ်းဘေး ရွာကလေးတွေက ပြည်သူတွေဟာ မြစ်ရေကိုကြည့်ရင်း ရင်တထိတ်ထိတ်နဲ့ ဖြတ်သန်းနေရပါတော့တယ်။ ။


















































