Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

အာဏာရှင်ဖယ်ရှားရေး အဆုံးသတ်တိုက်ပွဲအတွက် မြန်မာပြည်သူများကို နည်းပညာ၊ လက်နက်၊ ငွေကြေးများ ပံ့ပိုးကူညီပေးရန် နိုင်ငံတကာအားယာယီသမ္မတတောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အရေးပေါ် နိုင်ငံတော် အခြေပြမိန့်ခွန်းကိုယ​နေ့ညပြောကြားခဲ့ရာ အာဏာရှင်ဖယ်ရှားရေး အဆုံးသတ်တိုက်ပွဲ ဆင်နွှဲချိန်ရောက်ပြီဟု အသိပေးကာ နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများအား နည်းပညာ ၊ လက်နက်၊ ငွေကြေး ထောက်ပံ့ကြရန်တောင်းဆိုခဲ့သည်။

ယာယီသမ္မတ
ယာယီသမ္မတ

▪️တိုင်းရင်းသားလက်နက်ကိုင်များတွေဝေရမည့် အချိန်မဟုတ်၊ တစ်ပြိုင်တည်း တိုက်ခိုက်ရမည့် အချိန် ရောက်လာပြီဟု အသိပေး

▪️စစ်တပ်၊ပြည်သူ့စစ်နှင့် BGF တပ်ဖွဲ့ဝင်များပြည်သူနှင့်ပူး​ပေါင်းကြရန် တိုက်တွန်း

▪️မင်းအောင်လှိုင်နှင့်စစ်အုပ်စုရာဇဝတ်လူသတ်ကောင်တစ်ဦးစီကို တုံ့ပြန်အရေးယူနိုင် ရေးကြိုးစားကြရန် PDFနှင့် LDFများအားမှာကြား

▪️ပြည်သူများ အဆုံးသတ်တိုက်ပွဲအတွက် ဆက်လက်ရင်းနှီးမြှပ်နှံကြရန် ၊ဘဏ္ဍာ​ရေးအ​ရေးကြီးဆုံးဖြစ်သည်ကို ဆက်လက်အမှတ်ရကြရန်တိုက်တွန်း

ယာယီသမ္မတကြီး၏ မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“ချစ်ခင်လေးစားရပါသော နိုင်ငံသူနိုင်ငံသားအပေါင်းတို့ခင်ဗျာ။ အခုရက်အတွင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ အာဏာရူးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတို့ရဲ့ လူမဆန်သော တိရိစ္ဆာစိတ်ဖြင့် ဦးကျော်မင်းယုခေါ် ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် စသည့် နိုင်ငံသားကောင်း အာဇာနည်လေးဦးကို သွေးအေးအေးနဲ့ အကြမ်းဖက် သတ်ဖြတ်လိုက်မှုနဲ့ ပတ်သက်၍ ပြည်သူပြည်သား အားလုံးမှ အံ့အားသင့် ယူကြုံးမရ ခံစားနေကြရပါတယ်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ ပြည်သူပြည်သားများအပေါ် လေးစားမှု ကင်းမဲ့ပြီး ၎င်းတို့ရဲ့ အာဏာတည်မြဲရေးအတွက် ကိုယ်တိုင်ချမှတ်ထားတဲ့ တရားဥပဒေများကိုပင်လျင် လိုက်နာခြင်းမရှိဘဲ အကြိမ်ကြိမ် ကျူးလွန်နေတာကို ခါးသည်းစွာ တွေ့မြင်နေရပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန်မှ တန်ဖိုးရှိတဲ့ လူငယ် တွေကိုအငြိုးအတေးကြီးစွာဖြင့် သတ်ဖြတ်ခဲ့ခြင်းဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဆိုတာ လူတိုင်းသိရှိထားတဲ့ အချက်ဖြစ်ပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို ကြိုးမိန့်ပေးကွပ်မျက်ခြင်း မပြုရန် အမေရိကန်နိုင်ငံ ဂျပန်နိုင်ငံ၊ ဥရောပနိုင်ငံများနှင့် အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဖြစ်တဲ့ ဟွန်ဆန် နဲ့ ကုလသမဂ္ဂ စတဲ့ နိုင်ငံတကာကနေ မေတ္တာရပ်ခံတောင်း ဆိုမှုများကိုပင်လျင် ဂရုမစိုက်လိုက်နာခြင်းမရှိဘဲ ယခုလို သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အိမ်နီးနားခြင်းနိုင်ငံများနှင့် နိုင်ငံတကာကို လေးစားမှုမရှိထင်ရာစိုင်းကာ မိမိတို့ ပြည်သူပြည်သားများကို ရက်စက်ကြမ်းကြုတ်စွာ ဆက်လက်သတ်ဖြတ်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမှန်တရားအတွက် ပြည်သူများဘက် ရပ်တည်နေတဲ့ ဒီမိုကရေစီ ဘက်တော်သားများကိုအကြောက်တရားနဲ့ခြိမ်းခြောက်နေခြင်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် နိုင်ငံတကာရဲ့ အလေးပေးတန်ဖိုးထားမှုကို ဂရုမစိုက်ဘဲ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ ရှိနေသရွေ့ လူ့တန်ဖိုး လူ့အခွင့်အရေးများကိုပြောင်ပြောင်တင်းတင်း ဆက်လက်ချိုးဖောက်နေမှာ ဖြစ်ကာ ဒီမိုကရေစီ စံနှုန်းနဲ့ ငြိမ်းချမ်းသာယာတဲ့နိုင်ငံတစ်ခုကို တည်ထောင်နိုင်မှာ မဟုတ်ကြောင်း ထင်ရှားစွာ ပြသနေခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အာဏာရှင်ရှိနေသမျှ တိုင်းပြည်ရဲ့ လုံခြုံရေးကို စောင့်ထိန်းနိုင်မှာမဟုတ်ကြောင်း သက်သေပြနေခြင်းဖြစ်တယ်။

သို့သော်လည်း ၎င်း စစ်အာဏာရှင်တွေထင်သလို ပြည်သူလူထုက ကြောက်ရွံ့နေမှာ မဟုတ်ဘူး။ ပြည်သူလူထုက အကြမ်းဖက် အုပ်ချုပ်မှုကို လုံး၀ ကြောက်ရွံ့ ဒူးထောက်မှာမဟုတ်ဘဲ ပိုမိုတွန်းလှန်ဖို့ စိတ်ဆန္ဒ နိုးကြားစေမှာ ဖြစ်ပါတယ်။

အာဇာနည်လေးဦးကို သတ်ဖြတ်လိုက်ခြင်းဟာနွေဦးတော်လှန်ရေးကိုအရှိန်အဟုန်ပြင်းစွာ ချီတက်နိုင်ဖို့ တွန်းအားကြီးတစ်ရပ်ဖြစ်စေပါတယ်။

မိမိတို့ လေးစားကြည်ညိုတဲ့ အာဇာနည်လေးဦးရဲ့ အသက်ပေးဆပ်မှုကို အင်အားကြီးတစ်ရပ်အဖြစ် ရယူကာ နွေဦးတော်လှန်ရေးကို အဆုံးသတ်သွားဖို့ ဝိုင်းဝန်းချေမှုန်းကြဖို့ ဖြစ်ပါတယ်။

ဒါကြောင့် လူသားကို တန်ဖိုးထားသော ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကို လေးစားစွာဖြင့် တောင်းဆိုလိုပါတယ်။ ပြည်သူပြည်သားများကို ဥပဒေမဲ့ သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အသိအမှတ်ပြု ဆက်ဆံခြင်းလုံး၀မပြုလုပ်ဖို့ တစ်ညီတစ်ညွတ်တည်း ဆောင်ရွက်ပေးကြပါ။

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့အဓိက ဝင်ငွေ ပင်မလိုင်းတွေကို ဖြတ်တောက်ပစ်ကြပါ။ရေနံနဲ့ သဘာ၀ဓာတ်ငွေ့များက ရရှိတဲ့ အခွန်ဘဏ္ဍာများကို တားဆီးပိတ်ပင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သာလျင် ပြည်သူ့အစိုးရ ဖြစ်လို့ NUGကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးကြပါ။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များ ဝန်ဆောင်မှုပေးနေတဲ့ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ စစ်ပြေးဒုက္ခသည်များကို လူသားချင်း စာနာထောက်ပံ့ရေးကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများမှာ ငွေကြေးနှင့် နည်းပညာများနှင့် ကူညီထောက်ပံ့ပေးကြဖို့ ထပ်မံတောင်းဆိုလိုပါတယ်။

ဖက်ဆစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီ အရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ ပြည်သူများအတွက် နည်းပညာ ၊ လက်နက်ခဲယမ်းနဲ့ ငွေကြေးများကို ထိရောက်စွာ ကူညီပံ့ပိုးပေးကြဖို့ အလေးအနက်တောင်းဆိုတင်ပြလိုပါတယ်။

စစ်ကောင်စီ အနေနဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာ အနေနဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ အထူးတောင်းဆိုလိုပါတယ်။

အာဆီယံအနေနဲ့လည်း စစ်ကောင်စီကိုယ်စားလှယ်တွေကို လုံး၀ မဖိတ်ကြားဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြပါ။မြန်မာအရေးဖြေရှင်းမှုတွင် ထိရောက်မှု မရှိသော အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို ပြန်လည်သုံးသပ်ပြီး အာဏာရှင် ဖယ်ရှားနိုင်ရေးအတွက် ဆက်လက် ပံ့ပိုးပေးကြဖို့ တိုက်တွန်းလိုပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့မတရား သတ်ဖြတ်ခံရတဲ့အတွက် ဝမ်းနည်းကြေကွဲနေတဲ့ ပြည်သူပြည်သားအပေါင်းတို့ခင်ဗျာ။

သတ်ဖြတ်ခံရတဲ့ တော်လှန်ရေးသမားများကို နိုင်ငံတော်က ဝမ်းနည်းခြင်းကြီးစွာနဲ့ ဂုဏ်ပြုအပ်ပါတယ်။

စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုသတ်ဖြတ်ခြင်းကြောင့် နွေဦးတော်လှန်ရေးဟာ ကြောက်ရွံ့နောက်ဆုတ်သွားမှာ မဟုတ်ဘဲ ပိုမို အရှိန်ပြင်းစွာ တောက်လောင်လာတော့မှာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို အခုလို သတ်ဖြတ်ရှင်းပြစ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်းသပ်သပ်ဖြစ်ပါတယ်။ မိမိတို့ အနေနဲ့ ၎င်းခြိမ်းခြောက်မှုတွေကို ခေါင်းငုံ့ခံ အရှုံးပေးမည်မဟုတ်ဘဲ မင်းအောင်လှိုင် နဲ့ အကြမ်းဖက် စစ်အုပ်စု ကျရှုံးရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကာ နိုင်ငံသူ နိုင်ငံသားများအနေနဲ့လည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နွေဦးတော်လှန်ရေးတွင် ဆက်လက် ပါဝင်ကြဖို့ လိုအပ်ပါတယ်။

ပြည်သူတွေမှာ ပြည်ပသော်လည်းကောင်း နိုင်ငံသူ နိုင်ငံသားအားလုံးအနေနဲ့ ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲအတွက် ဆက်လက်ရင်းနှီးမြှုပ်နှံကြဖို့ ငွေကြေးများကို တော်လှန်ရေးအရှိန်မြှင့်ဖို့ အဓိကမောင်းနှင်အားတစ်ခုအဖြစ် ရှိနေတယ်ဆိုတာကို ဆက်လက် အမှတ်ရကြဖို့ အထူးတိုက်တွန်းလိုပါတယ်။

ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်များအတွက် အာဇာနည်ဗိမ္မာန်တွေ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသင်္ဂြိုလ်ဖို့လည်း အစိုးရက စိတ်ဆန္ဒရှိပါတယ်။

နွေဦးတော်လှန်ရေးတွင် မိမိတို့ရဲ့ ဘ၀ အသက်တာကို ရင်းပြီး တိုက်ပွဲဝင်နေကြတဲ့ PDFများ LDFများခင်ဗျာ ။

မိမိတို့ တော်လှန်ရေးဟာ ပြည်သူလူထုကို ကာကွယ်ပေးနေတဲ့ တော်လှန်ရေး၊ အဓမ္မဝါဒီတို့ကို ဆန့်ကျင်တဲ့ တော်လှန်ရေးဖြစ်လို့ မွန်မြတ်ပါတယ်။

တော်လှန်ရေး လက်နက်ကိုင်အင်အားစုများ အချင်းချင်းကြား ညီညွတ်ကြဖို့လိုပါတယ်။ အနာဂတ် ဖက်ဒရယ် တပ်မတော်တွေ ရည်မှန်းချက် ထားပြီး တစ်သွေးတစ်သံတစ်မိန့် အမိန့်နာခံ မှုကိုအထူလေ့ကျင့်ကြပါ ။ စုစည်းကြပါ။ အကြမ်းဖက် စစ်အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေကို တုန်လှုပ် ကြောက်ရွံ့ခြင်းမရှိဘဲစစ်ဝါဒီအကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စု ရာဇဝတ်လူသတ်ကောင် တစ်ဦးစီကို တုံ့ပြန်အရေးယူနိုင်ဖို့ ကြိုးစားပါ။

အသက်ပေးကျဆုံးသွားတဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့နဲ့ မိမိတို့ရှေ့မှာ ကျဆုံးသွားခဲ့တဲ့ နွေဦးတော်လှန်ရေးရဲဘော်များရဲ့ သွေးသစ္စာကို တန်ဖိုးထားကြပါ။ နွေဦးတော်လှန်ရေး အဆုံးသတ်နိုင်သည်အထိ အကောင်းဆုံးဆက်လက် ပါဝင်သွားကြဖို့ အထူးတိုက်တွန်း ပြောကြားလိုပါတယ်။

လေးစားရတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်များခင်ဗျာ။

အာဇာနည်လေးဦးကို ရက်စက်စွာ သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီကို ပြင်းထန်စွာ ရှုတ်ချခဲ့တဲ့ ULA/AA၊ KNU၊ KNPP၊ CNFနဲ့ ABSDF မဟာမိတ်များ၊ တိုင်းရင်းသားလက်နက်ကိုင်များနဲ့နိုင်ငံရေးပါတီနှင့်တော်လှန်ရေးအင်အားစုအားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုလိုပါတယ်။

ယခုအချိန်ဟာ တွေဝေနေရမယ့်အချိန်မဟုတ်တော့ဘူး။ ဗမာတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားအားလုံး လက်တွဲညီညီနဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အကြမ်းဖက်စစ်တပ်ကို ဝိုင်းဝန်း ချေမှုန်းရမယ့် အချိန်ရောက်လာပြီဖြစ်ပါတယ်။ မိမိတို့မှာ ရှိတဲ့ လူအင်အား လက်နက်အင်အား ကို အကောင်းဆုံးအသုံးချပြီးတော့ မဟာဗျူဟာကျကျ လက်တွဲချိတ်ဆက်လျက် တစ်ပြိုင်တည်း တိုက်ခိုက်မယ့် အချိန် ရောက်လာပြီဖြစ်ပါတယ်။

အကြမ်းဖက် စစ်တပ်၊ BGFနဲ့ ပြည်သူ့စစ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံသားများခင်ဗျာ။

မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ဖို့ အချိန်ရောက်ပါပြီ။ အာဏာရှင်စနစ်ကို ဒုက္ခပေါင်းများစွာ ကြားကနေ တော်လှန်နေတဲ့ ပြည်သူလူထုနှင့်အတူ ရပ်တည်ဖို့ အချိန်တန်ပါပြီ။ အမြန်ဆုံး ပြောင်းလဲ ရပ်တည်ကြပါ။ NUG အစိုးရအနေနဲ့ ပြည်သူလူထု ကိုယ်စား အမြဲကြိုဆိုလျက်ရှိပါတယ်။ နီးစပ်ရာ PDF၊ ERO တပ်စခန်းများကို မိမိတို့ လက်နက်ခဲယမ်းများနှင့်အတူ အမြန်ဆုံးလက်တွဲပူးပေါင်းကြပါ။ မိမိကိုယ်တိုင်နဲ့ သားသမီး အဆက်ဆက် အရိပ်မဲပမာ လိုက်နေမယ့် ဒုစရိုက်အမဲစက်ကနေ လွတ်မြောက်ဖို့ အခွင့်အရေးရှိနေတုန်း အမြန်ပြောင်းလဲကြဖို့ အထူးတိုက်တွန်းပြောကြားလိုပါတယ်။

နောက်ဆုံးအနေဖြင့် နိုင်ငံရေးပါတီများကို အထူးပန်ကြားလိုသည်မှာ အကြမ်းဖက် အာဏာရှင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် အရှက်မဲ့ ကြိုးပမ်းနေတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အားဖြည့်ပါဝင်ခြင်းလုံး၀မပြုလုပ်ကြဖို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

ပြည်သူ့တော်လှန်ရေးအောင်မြင်ဖို့နှောင့်နှေးကြန့်ကြာစေမယ့် စစ်ကောင်စီ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်သွားကြဖို့ လိုအပ်နေပါတယ်။

နိဂုံးချုပ်အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ နှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ စစ်ရှောင်ပြည်သူများ၊ တိုင်းပြည်အတွက် အသက်ပေးခဲ့တဲ့ ရဲဘော်များနဲ့ မိသားစုဝင်များ၊ မိမိတို့ ပိုင်ဆိုင်တဲ့ အိုးအိမ်စည်းစိမ်များ ဖျက်စီးခံရသူများ၊ နွေဦးတော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေကြသူများ အားလုံးကို ဦးညွှတ်အလေးပြုပါတယ်။

ကျွန်တော်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံးအဆုံးသတ်နိုင် အောင် ကြိုးပမ်းပါ့မယ်လို့ ကတိပေးရင်း နိုင်ငံသူနိုင်ငံသားအားလုံးကို ဦးညွတ်အလေးပြုအပ်ပါတယ်။

“အရေးတော်ပုံ အောင်ကိုအောင်ရမည်”