Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျနော်တို့ မူအရ ကျနော်တို့ ဖက်ဒရယ်နဲ့သွားမယ်။ ပြီးတော့ အတူတကွ အေးချမ်းသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ မူလမ်းစဉ်နဲ့ သွားတယ်ဆိုတော့ အဲဒါမရမချင်းခုခံတိုက်ပွဲဝင်သွားမှာပဲ”

– ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်နဲ့ မေးမြန်းခန်း

ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်
ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်

– ဆန်အောင်/People’s Spring

စစ်ကောင်စီတပ်က ကရင်နီဒေသသို့ စစ်မျက်နှာ​လေးခုမှ စစ်ကြောင်း ၁၂ ​ကြောင်းဖြင့်ထိုးစစ်ဆင်လျက်ရှိရာ ကရင်နီတပ်မ​တော်(KA) ၊ KNDF ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စ​တဲ့ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ ​တွေကပူး​ပေါင်းခုခံတိုက်ခိုက်​နေတာမှာ တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်ပွား​နေပါတယ်။ ကရင်နီ(ကယား)ပြည်နယ်က တိုက်ပွဲ​တွေ၊ စစ်တပ်ကပြည်သူ​တွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၊ ဒေသတွင်းစစ်ရေးအခြေအနေ​တွေနဲ့ပတ်သက်ပြီး ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်ကို People’s Spring သတင်းဌာနကဆက်သွယ်မေးမြန်းထားပါတယ်။

​မေး-စစ်ကောင်စီတပ်တွေ ကရင်နီဒေသကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ အခြေအနေအပေါ် ရှင်းပြပေးပါလား။

​ဖြေ-အခုကတော့ သူတို့က ဒီးမော့ဆို အရှေ့ခြမ်းကို ထိုးစစ်ဆင်တာ စစ်ကြောင်း သုံးကြောင်းနဲ့။ နောက်ပြီးတော့ လွိုင်ကော်ရဲ့ မြောက်ဘက် မိုးဗြဲ အရှေ့ဘက် ဖယ်ခုံအရှေ့ဘက်ခြမ်းပေါ့ အဲဒီမှာလည်း သုံးကြောင်းနဲ့ ထိုးနေတယ်။ တိုက်ပွဲတွေလည်းဖြစ်တယ်။ မြေပြင်မှာတော့ စစ်ကောင်စီဘက်က အထိနာတာမျိုးတွေရှိတာပေါ့။ ဝင်လာတာကအဲဒီ သတင်းပို့တဲ့သူတွေပြောတာက သူတို့ တပ်မ (၆၆) ဝတ်စုံဝတ်တယ်လို့ ပြောတယ်။ တချို့ကလည်း ဆီဆိုင်ကတပ်လို့ အဲဒီလို ပြောတယ်။ ခမရ(၄၂၃)လို့ ပြောတယ်။ ပူးပေါင်းတာလားမသိဘူး။ ကျနော်တို့ သတင်းရတာက စကခ (၂)လည်း ဆီဆိုင်ရောက်နေတယ်လို့ပြောတယ်။အဲဒါကလည်း ဖြစ်နေတယ်။ လူထုတွေကလည်း ကြောက်လန့်ပြီးတော့မှ စစ်ဘေးနေတာတွေတဖြေးဖြေး ကျဉ်းလာပြီပေါ့။ အခုကလည်း ရေရှားတဲ့ရာသီ ဖြစ်တဲ့အခါကျတော့ တချို့က လွိုင်ကော်မြို့ကို ပြန်တက်တာရှိတယ်။တချို့ကသူ့ရွာဟောင်းကိုပြန်သွားတာရှိတယ်။

Public Service Announcement

Public Service Announcement

​မေး-မြန်မာ-ထိုင်း နယ်စပ်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ထုတ်ပြန်တာ တွေ့ရတော့ အဲဒီဘက်အနေအထားတွေ ပြောပြပေးပါလား

​ဖြေ-ဒီဘက်မှာလည်း သိရသလောက်က သုံးရင်းလောက်ဝင်လာတယ်။ ရှမ်းတောင် သံလွင်အရှေ့ခြမ်း လင်းခေးမြို့နယ်ထဲကျတာပေါ့။ ဒီကရင်နီနယ်စပ်ဘက် အဲဒီမှာ (၅၁၀) တပ်ရင်းလာတယ်။ နောက် (၅၁၉)လားအဲဒါလည်းပါသေးတယ်။
အဲဒီနယ်စပ်ဘက်က ရိက္ခာပို့ဖို့ အဓိကပေါ့။ နောက်ပြီး ရှေ့တန်းမှာ အင်အားတွေ လျော့လာတယ် ပြောရမှာပေါ့။ အရင် ဒကစ လက်အောက်ခံတပ်တချို့ကသူတို့ စခန်းတချို့စွန့်လွှတ်ပြီးတော့မှတပ်စခန်းကုန်းအကြီးတွေမှာပဲ နေတာများတယ်။ အဲဒီလိုဖြစ်တော့ တိုက်ပွဲလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ ၁၂ရက်နေ့က အဲဒီမှာဖြစ်သေးတယ်။ နောက် ၅၁၀ ဆိုတာက အောက်ဘက် နည်းနည်းရောက်လာပြီ။ ကျနော်တို့ ဌာနချုပ်ပြောရမှာပေါ့ ညာမူတပ်စခန်း မျက်နှာချင်းဆိုင်မှာ ရောက်နေတယ်။ အဲဒါမျိုး သိရတယ်။

မေး-စစ်​ကောင်စီတပ်​တွေအခုလိုအင်အားတွေ သုံးပြီး ထိုးစစ်ဆင်ဝင်ရောက်လာတဲ့အပေါ် ဘယ်လို သုံးသပ်မိပါသလဲ။

​ဖြေ- အဓိကတော့ သုံးမျိုးပေါ့။ နံပတ်(၁) တစ်ချက်က ရွေးကောက်ပွဲအတွက် သူတို့နယ်မြေစိုးမိုးဖို့ လှုပ်ရှားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲက ဖြစ်၊မဖြစ်တော့ မသိဘူးပေါ့။ နောက်တစ်ချက်က သူတို့မာရှယ်လော စစ်ဥပဒေထုတ်ထားတဲ့ ဒေသလည်းဖြစ်တော့ ထိုးစစ်ဆင်တာလည်း ပါတယ်။ နောက်တစ်ချက်က အဲဒီ PDFတို့ KNDF တို့ကို မွေးထုတ်တဲ့ ကျနော်တို့ လက်နက်ကိုင်တပ်တွေ ကို နှိမ်နင်းချင်တာလည်းပါတယ်။

​မေး-စစ်တပ်စစ်ကြောင်းတွေထိုးလာရင် တုံ့ပြန်ဖို့ ပြင်ဆင်ထားတဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

​ဖြေ-ကျနော်တို့က တက်နိုင်သမျှ ခုခံတော်လှန်ဖို့ ပြင်ဆင်ရမှာပဲ။ နောက်ပြီးတော့ တစ်ဖက်က လူထုတွေပေါ့။ အခုက သူတို့က လူထုကို ရန်သူအဖြစ်သတ်မှတ်လာတာဆိုတော့ အဲဒီ စစ်ဘေးရှောင်တဲ့နေရာတွေက KNDF တို့ PDFတို့ ဒီလက်နက်ကိုင် အဖွဲ့တွေ ခိုအောင်းနိုင်တဲ့နေရာဆိုပြီး လူထုကိုပါ ရန်သူသတ်မှတ်ပြီး လုပ်ဆောင်လာတယ်လို့ မြင်တယ်။မြန်မာ့တပ်မတော်က အကြမ်းဖက်တပ်မတော်လို့ အများပြောသလို ဖြစ်သွားပြီလို့ သုံးသပ်တယ်။

​မေး-ကရင်နီဒေသက အာဏာသိမ်းပြီးနောက်ပိုင်း ခုခံမှုအားကောင်းတဲ့ဒေသဖြစ်တယ် သူတို့ကလည်းအားကောင်းကောင်းနဲ့ ထိုးစစ်ဆင်နေတာဆိုတော့ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေရှိလဲ။

​ဖြေ- ကျနော်တို့မှာက တော်လှန်ရေးဆိုတော့ အခက်အခဲတော့ အများကြီးရှိတာပေါ့။ ဥပမာ လက်နက်ခဲယမ်းလား၊ ရိက္ခာလား ကျနော်တို့အတွက် စိန်ခေါ်မှုပေါ့။ အဲဒါနဲ့ တဆက်တည်း လူထုတွေလည်း ကျန်းမာရေး၊ ပညာရေး ရွာတွေမီးလောင် ခံရတဲ့အခါ ပြန်လည်ထူထောင်ရေးကိစ္စ မျိုးတွေက ကျနော်တို့အတွက် စိန်ခေါ်မှု ဖြစ်တာပေါ့။ ကျနော်တို့လည်း လူထုကို အကာအကွယ်ပေးချင်ပေမယ့် တချို့နေရာတွေက လွတ်သွားတာမျိုးရှိတယ်။ ကျနော်တို့ အနေနဲ့ စိတ်တော့မကောင်းဘူးပေါ့။ ဒါပေမဲ့ကျနော်တို့ရည်မှန်းချက်က ဖက်ဒရယ်သွားဖို့ ဆိုတာက ကျနော်တို့လည်း ထဲထဲဝင်ဝင် လုပ်ဆောင်နေတယ်ဆိုတဲ့အခါကျတော့ ခုခံနိုင်သမျှ ခုခံနေရမှာပေါ့။

​မေး-စစ်ကောင်စီအနေနဲ့ ပြည်သူစစ်နယ်မြေတွေအသုံးပြုပြီး ထိုးစစ်ဆင်တာမျိုး၊ PNO/PNA ပြည်သူ့စစ်ကို သုံးပြီး တိုက်ပွဲဆင်နွှဲနေတာမျိုး လုပ်နေတဲ့အပေါ်ဘယ်လိုမြင်ပါသလဲ။

​ဖြေ-အဲဒီ အဖွဲ့တွေကျတော့ ရှင်းရှင်းပြောမယ်ဆိုရင် သူတို့မှာ နိုင်ငံရေးမရှိတော့ဘူးဗျ။စီးပွားရေးအရသူတို့ပေါင်းသင်းဆက်ဆံနေရတာပေါ့။ စီးပွားရေးအရ သူတို့ အဖွဲ့အစည်း ရပ်တည်နိုင်ဖို့အတွက်လောက်ပဲ စစ်ကောင်စီနဲ့ ဆက်ဆံနေတာပေါ့။ ကျနော်တို့က ကျနော်တို့ မူအရ ကျနော်တို့ ဖက်ဒရယ်နဲ့သွားမယ်။ ပြီးတော့ အတူတကွ အေးချမ်းသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ မူလမ်းစဉ်နဲ့ သွားတယ်ဆိုတော့ အဲဒါမရမချင်းခုခံတိုက်ပွဲဝင်သွားမှာပဲလို့ အဲဒီလို ပြောချင်တယ်။

​မေး-အဲဒီ ဒေသမှာ ကလလတ(ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး)လို အဖွဲ့ရှိတယ်။ ဒီအဖွဲ့က စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့စည်းမှု ရှိတော့ ဒီအဖွဲ့တွေကို ဘာပြောလိုသလဲ။

​ဖြေ-သူတို့ကိုတော့ ကျနော်တို့ ဖွဲ့ထားတဲ့ KSCC(ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ)မှာ သူတို့ မပါနိုင်သေးဘူးပေါ့။ သူတို့ကိုလည်း ကျနော်တို့ ဖွင့်ထားပေးပါတယ် ပါလာနိုင်တဲ့အချိန်ပါလာဖို့ပေါ့။အခုမပါသေးလည်းရတယ် နောက်ကျရင် အခြေအနေ မှန်တစ်ခု ဖြစ်လာပြီဆို သူတို့ ပြန်ပါရင်လည်း ပြန်ပါလာမှာပေါ့။သူတို့ အပေါ်တော့ သိပ်ပြီးတော့မှ မသုံးသပ်လိုပါဘူး။ သူတို့ ပါလာဖို့ လမ်းဖွင့်ထားတာရှိပါတယ်။

​မေး-စစ်ကောင်စီအနေနဲ့ အခုရက်ပိုင်းမှာပဲပင်လောင်းဘက်က နမ့်နိန်းဒေသခံ တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကျူးလွန်တာ၊ ပအိုဝ်းနဲ့ ကရင်နီလူမျိုးတွေအကြား သွေးခွဲဖို့ လုပ်တာတွေရှိတော့ ဒီအပေါ် ဘာပြောလိုပါသလဲ။

​ဖြေ-ပအိုဝ်းကတော့ ဟိုးအစောဆုံးအပစ်အခတ်ရပ်စဲရေးလုပ်သွားတဲ့အဖွဲ့။နောက်ပြီးတော့မှ သူ့ဒေသသူ့လူထုအတွက် သူလုပ်မယ်လို့ ပြောတာပဲ။ ဒါပေမဲ့အခုလိုမျိုးမှာကျတော့ သူတို့က စစ်ကောင်စီရဲ့ အောက်မှာ ပဲ ဖိအားပေးခံရပြီး ပါဝင်ရတယ်လို့ မြင်တယ်။ တချို့လည်းပါချင်မှပါမှာပါ။ ဒါပေမဲ့ ပါနေရတဲ့ အနေအထားမျိုးရှိတာပေါ့။ အဲဒီဘက်ကလူငယ်တွေဆို တပ်က ထွက်ပြီး အလုပ်ရှာတာတို့ တချို့လည်း ထိုင်းဘက်ရောက်လာတာမျိုးရှိတာပေါ့။ ထွက်ပြေးတာပေါ့။ ကျန်ခဲ့တဲ့ သူတွေကလည်း မပါချင်တဲ့သူတွေရှိကောင်းရှိမှာပါ့။သူတို့တွေက စစ်ကောင်စီရဲ့ ဖိအားအောက်မှာ ရပ်တည်နေရတော့ အဲဒီလို ဖြစ်သွားတယ်လို့ မြင်တာပေါ့။

​မေး-ကရင်နီဒေသနဲ့ဆက်စပ်ဒေသတွေမှာ စစ်ရေးပြင်းထန်နေတော့ ရှေ့အလားအလာဘယ်လိုမြင်ပါသလဲ။

​ဖြေ- ရှေ့အလားအလာကတော့ သူတို့ စစ်ကြောင်းတွေထိုးလာလေလေ ပိုပြီးတော့မှ ပြင်းထန်လေလေပဲ သုံးသပ်တယ်။ အချိန်ကာလ အတိုင်းအတာ ဘယ်လောက်ထိလုပ်မယ်ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ လောလောဆယ် ပြောချင်တာက တိုက်ပွဲတော့ ဖြစ်မှာပဲပေါ့။

​မေး-လူထုတွေကို ဘာပြောလိုသလဲ။ ကရင်နီဒေသက လူထုတွေရော ပြည်တွင်း ပြည်ပက လူထုတွေရော ဘာသတင်းစကားပေးလိုပါသလဲ။

​ဖြေ-အဓိကတော့ ကျနော်တို့ လုပ်နေတာက တော်လှန်ရေးဆိုတော့ စစ်အာဏာရှင် ပြုတ်ကျရေးလည်း ပါတာပေါ့ဗျာ။ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် တက်အားသရွေ့ ကျနော်တို့ကို ထောက်ခံမှု ပြုပေးဖို့ နောက်ပြီးတော့မှ ကျနော်တို့ကို တက်နိုင်သလောက် ကူညီဆောင်ရွက်ပေးဖို့။ အခုအချိန်မှာ ဒုက္ခ အခက်အခဲ ရှိတာကျနော်တို့လည်း နားလည်တယ်။ ဒါပေမဲ့ ကျနော်တို့လည်း ဒီတော်လှန်ရေးကို အမြန်ပြီးလိုတယ်။ အခု KNDF တို့ PDF ထဲမှာ ဆိုရင် လူငယ်တွေအများကြီးပါတယ်။ အဲဒီ လူငယ်တွေ နဲ့ ဒီတော်လှန်ရေးကို ကျနော်တို့ လုပ်နေတဲ့အချိန်မှာ လူထုတွေအနေနဲ့လည်း ကျနော်တို့ဘက် ရပ်တည်ပြီး ပူးပေါင်းပါဝင်ဖို့။ လက်နက်ကိုင်မှ မဟုတ်ဘူး အခြားနည်းတွေလည်း အများကြီးရှိတယ်။ ထောက်ခံဖို့ အားပေးဖို့ လိုအပ်တယ်လို့ အဲဒီလိုပဲ တိုက်တွန်းလိုပါတယ်။

မေး-လက်ရှိ ကရင်နီပြည်နယ်ရဲ့ အခြေအနေက စစ်ကောင်စီထိန်းချုပ်နိုင်မှုနဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်နိုင်မှုက ဘယ်လိုရှိပါသလဲ။

​ဖြေ-ဒါကတော့ အရင်က စစ်တပ်တွေ မဝင်ခင်က ကျနော်တို့ ခပ်များများထိန်းနိုင်ပါတယ်။ မြို့ကလွဲလို့ကျန်တဲ့ ကျေးလက်ရွာတွေ ၊ မြို့နဲ့မလှမ်းမကမ်းနယ်မြေတွေက ကျနော်တို့ ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရတာပေါ့။ အခုက တပ်တွေက ထပ်တိုးလာတယ် စစ်ရှိန်တွေလည်းထပ်မြှင့်လာတယ် အထူးသဖြင့် လက်နက်ကြီးတွေနဲ့ လုပ်လာတဲ့အခါကျတော့ တချို့နယ်တွေက ကျနော်တို့ ပြောက်ကျားလား သို့မဟုတ်ရင် လျှပ်တပြတ်လား အဲဒီလိုပဲ အနေအထားမျိုးရှိတယ်။ ဒါပေမဲ့ သူတို့ စစ်ကြောင်းကြီးတွေလာရင်တော့ ခုခံတိုက်ကြတော့ တိုက်ပွဲကြီးတွေတော့ ဖြစ်တယ်။

​​မေး-ကရင်နီဒေသ စစ်ရေးအခြေအနေအပေါ် ခြုံပြီး ဘာပြောလိုပါသလဲ။

​ဖြေ-ဒါက ကျနော်တို့ နယ်မြေဆိုတော့ ကျနော်တို့ ရသမျှတော့ ခုခံမှာပဲ။ သူတို့က ပြည်နယ်ပြင်ပကနေ လာတဲ့အခါကျတော့သူတို့မှာစစ်အင်အားသာပေမယ့် စိတ်ဓာတ်အင်အားတော့ ကျနော်တို့လောက်မရှိဘူးပေါ့။ သူတို့ကကြေးစား တပ်သား အကြမ်းဖက်သမားလို ဖြစ်သွားပြီလေ။ ဆိုတော့ ကျနော်တို့ ရသမျှ တော်လှန်မှာပဲ။ စိတ်ဓာတ်ကျတာမျိုးတော့ မရှိသေးဘူးပေါ့။ ကျနော်တို့လုပ်လာတာလည်း ကြာပြီဘိုးဘွားစဉ်ဆက် နှစ်ပေါင်း ၇၀လည်းကျော်ပြီ။ ဒီအချိန်မှာက KNDF တို့ PDF တို့ တကယ့် လူငယ်တွေ လူထုတွေကိုယ်၌က ပါလာပြီဆိုတော့ ဒါက ကျနော်တို့အတွက် အခွင့်ကောင်းပဲလို့ ကျနော်တို့က အဲဒီလို ယူဆပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။