ကချင်ဒေသမှာ ၂၀၁၁ ခုနှစ် ဇွန်လက တကျော့ပြန် စစ်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူ သိန်းနဲ့ချီပြီး စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။ စစ်တပ်အာဏာမသိမ်းမီ ကာလက ကချင်စစ်ရှောင်တွေနေရပ်ပြန်ရေးအတွက် အစိုးရ၊ ကချင်ဘာသာရေးခေါင်းဆောင်များပါဝင်တဲ့ စစ်ရှောင်ကော်မတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တို့အကြား ဆွေးနွေးမှုများ လုပ်ဆောင်ကာ နေရပ်ပြန်ရေး အကောင်အထည်ဖော်ရန် ကြိုးပမ်းနေချိန်မှာပဲ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက်အဲဒီအစီအမံများ ပျက်စီးခဲ့ရပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဟာလည်း အခုအချိန်မှာ စစ်ရှောင်တွေ နေရပ်ပြန်ရေးကို ဖိအားပေးတဲ့ ပုံစံနဲ့ ဆောင်ရွက်နေတာကြောင့် လုံခြုံရေး၊ စားဝတ်နေရေးအပါအဝင် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတဲ့ စစ်ရှောင်တွေအတွက် အခက်အခဲတွေ ပိုမိုကြုံတွေ့နေရပါတယ်။

ဒီကနေ့ ဇွန်လ ၉ရက်ဟာ ကချင်ဒေသ တကျော့ပြန် စစ်ပွဲ ဖြစ်ပွားမှု ၁၂နှစ်မြောက်နေ့ဖြစ်ပါတယ်။ ဆယ်စုနှစ် တစ်ခုကျော်ကြာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူလူထု အတွက် ကချင်လက်နက်ကိုင်တပ်ဖွဲ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) အနေနဲ့ စစ်ရှောင်ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးလိုပါသလဲဆိုတာကို People’s Spring သတင်းဌာနက KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီးနော်ဘူရဲ့ ဖြေကြားချက်ကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ ကချင်စစ်ပွဲ တကျော့ပြန် ဖြစ်ပွားမှု ၁၂နှစ်မြောက်နဲ့ပတ်သက်ပြီးတော့ စစ်ရှောင်ပြည်သူလူထုတွေကို ဘယ်လိုသတင်းစကားပါးလို့ပါသလဲ။
ဖြေ။ ။ သိပ်ပြီးမှ ထူးထူးထွေထွေကတော့ မရှိပါဘူး။ စစ်ရှောင်တယ်ဆိုတာကတော့ စစ်ဖြစ်လို့ တိုက်ပွဲတွေရှိလို့ စစ်ရှောင်တာ ဖြစ်တယ်ဆိုတာကတော့ အားလုံးအသိပဲဖြစ်ပါတယ်။ အခုလည်း ကျနော်တို့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ စစ်တွေကတော့ မရှိဘူး မဖြစ်ဘူးလို့ကတော့ ဘယ်သူမှ အာမခံချက် မပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ကျနော်တို့ စစ်ရှောင်တာလည်း ၁၂နှစ်တောင်ကြာလာခဲ့တဲ့ ကျနော်တို့ရဲ့ ဒီစစ်ရှောင်ပြည်သူလူထုရဲ့ အခြေအနေဖြစ်ပါတယ်။

နောက် ကျနော်တို့ စစ်ရှောင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကလည်း တခြားပိုပြီးမှ အရေးကြီးတဲ့ နေရာဒေသဘက်မှာ ပိုပြီးမှ ကူညီထောက်ပံ့ပေးနေတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ကိုလည်း အကူအညီပေးတဲ့နေရာမှာလည်း တဖြေးဖြေးနဲ့ လျော့သွားတာကို နည်းသွားတာကို ကျနော်တို့တွေ့ရတာဖြစ်ပါတယ်။

အဲဒါကြောင့် ကျနော်တို့ စစ်ရှောင်ပြည်သူလူထုတွေကို ကိုယ့်ရဲ့ရပ်ရွာတွေကို ပြန်ပြီးမှ အဓိက ရွာတွေ အိမ်တွေကို ဆောက်လုပ်တဲ့အပိုင်းမှာ ပထမ မထားဘဲနဲ့ လယ်တွေ ခြံတွေ လုပ်ဖို့ကို ကျနော်တို့ အကြံပြုထားတာရှိပါတယ်။
တချို့ ပြည်သူလူထုတွေကိုတော့ အခုလောလောဆယ် ကျနော်တို့ နေထိုင်တဲ့ ရပ်ရွာနဲ့ နီးတဲ့နေရာမှာ နေရာတွေ အိမ်တွေ ဘာတွေရလို့ရှိရင်တော့ အဲဒီမှာလည်း အဆောက်အဦး ဆောက်ပြီး နေဖို့လည်း ခွင့်ပြုထားတာရှိပါတယ်။ တခြားရွာသစ်တွေကို ပြန်ဖွဲ့ပြီးမှ ကျနော်တို့ အိမ်တွေဆောက်ပေးတယ် တခြား ကျောင်းတို့ပေါ့နော် ဆေးရုံတို့ မီးတို့ သွယ်ပေးလုပ်ပေး တာဝန်ယူပေးတဲ့အပိုင်းတွေလည်းရှိပါတယ်။

ဒါကြောင့် အခု ကျနော်တို့ ပြည်သူလူထုတွေ အားလုံးကလည်း တိုက်ပွဲဆိုတာ မရှိတော့ဘူး ဆိုတာဟာတော့ ဘယ်သူမှ မပြောနိုင်တဲ့အနေအထား ဖြစ်တဲ့အတွက် ကျနော်တို့ အားလုံးကတော့ စစ်ရေးနိုင်ငံရေးကို နားစွန့်ပြီးမှ သတိအနေအထားနဲ့ ကိုယ့်ရဲ့ရွာမှာနေရင်လည်း သတိအနေအထားနဲ့ နားစွင့်ပြီးမှနေဖို့တော့ အရေးကြီးတယ်ဆိုတာ ကျနော် ထပ်လောင်းပြောလိုပါတယ်ခင်ဗျ။
