Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဒီလိုမျိုးရည်ရွယ်ချက်ရှိရှိနဲ့ ULA/AA တပ်စခန်းတွေကို ဆက်လက်ပြီးတော့ ဦးတည်တိုက်ခိုက်တဲ့ အနေအထားမျိုးဆက်ဖြစ်လာလို့ရှိရင်တော့ ဒါပုံစံကတော့တစ်မျိုးပြောင်းသွားနိုင်တာပေါ့”

တစ်ဖက်တွင် ရခိုင်ပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် AA တို့မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းတွင်လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲထားသည်။

(ဦးခိုင်သုခ ။ဓါတ်ပုံ-AA)
(ဦးခိုင်သုခ ။ဓါတ်ပုံ-AA)

▪︎AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနှင့် မေးမြန်းခန်း

ရခိုင့်တပ်တော်(AA)၏ ယာယီဌာနချုပ် အနီးရှိ တပ်စခန်းတစ်ခုကို စစ်ကောင်စီက စက်တင်ဘာ ၂၈ရက်တွင် လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ AA အရာရှိတစ်ဦးကျဆုံးပြီး ရဲဘော်အချို့ဒဏ်ရာရခဲ့သည်။ တစ်ဖက်တွင် ရခိုင်ပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် AA တို့မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းတွင်လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲထားသည်။ထို​ကြောင့် ရက္ခိုင့်တပ်တော်(AA)၏ တပ်စခန်းအား စစ်ကောင်စီတပ်က တိုက်ခိုက်လာမှုနှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ အား People’s Spring က ဆက်သွယ်မေးမြန်းထားသည်ကိုဖော်ပြလိုက်ပါသည်။

-ဆန်အောင်/People’s spring

မေး။ကချင်ဘက်မှာရှိတဲ့ AA စခန်းကို စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်တဲ့ သတင်းတွေ့ရလို့ပါ။ ဖြစ်စဉ်ကို ရှင်းပြပေးပါလား။

ဖြေ။ ။ဖြစ်စဉ်ကတော့ မနေ့က စက်တင်ဘာလ ၂၈ရက်နေ့မနက် ၁၀နာရီလောက်မှာ မြန်မာစစ်တပ်(စစ်ကောင်စီတပ်) အခြေစိုက်ထားတဲ့ ခါရာတောင်ပေါ့နော်။ အဲဒီခါရာတောင်ကြောကနေ လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ပစ်တာရှိတယ်။ ၁၂၀ မမနဲ့ပစ်တာ။ အဲဒီမှာ ကျနော်တို့ရဲ့ မုန်လိုင်ခတ်တပ်စခန်း ပေါ့နော် အဲဒီနေရာကို လက်နက်ကြီးကျရောက်ပေါက်ကွဲတယ်။ဆိုတော့ ကျနော်တို့ဘက်က ဗိုလ်ကြီးတစ်ယောက်အပါအဝင် ရဲဘော်အချို့ ဒဏ်ရာရတာရှိတယ်။ အဲဒီမှာ ဒဏ်ရာပြင်းထန်တဲ့ ဗိုလ်ကြီးက ညနေ ၄နာရီလောက်မှာ အရေးပေါ်ဆေးကုသမှုခံယူရင်းနဲ့ ကျဆုံးသွားတာရှိတယ်။

မေး။ ဒီဖြစ်ရပ်အပေါ် ဘယ်လိုမြင်မိပါသလဲ။

Public Service Announcement

Public Service Announcement

ဖြေ။ ။ ဒီလိုမျိုး မြန်မာစစ်တပ်ဘက်က ကျနော်တို့ ULA/AA ရဲ့ တပ်စခန်းတွေကို လှမ်းပစ်တာကတော့ ဒီတစ်ကြိမ်မဟုတ်ဘူး။ အရင်တုန်းကလည်း သူတို့လက်နက်ကြီးတွေ နဲ့လှမ်းပစ်တာရှိတယ်။ နောက်ပြီး လေကြောင်းကလာပြီး ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ရက်နေ့မှာ KNU/KNLA ဧရိယာမှာရှိတဲ့ ကျနော်တို့ရဲ့ တပ်စခန်းကို မြန်မာစစ်တပ်ဘက်ကနေ ဂျက်ဖိုက်တာနှစ်စီးနဲ့ လာပြီးဗုံးကြဲတိုက်ခိုက်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ရဲဘော် ၆ယောက်ကျဆုံးခဲ့တာရှိတယ်။ ဆိုတော့ အလားတူပါပဲ။ အခုလည်းသူတို့လက်နက်ကြီးနဲ့နေပြီးတော့မှ ကျနော်တို့ လိုင်ဇာဧရိယာမှာရှိတဲ့ တပ်စခန်းကို သူတို့ လှမ်းပြီးတော့ပစ်တာပေါ့နော်။ အဲဒီမှာ အခုလိုမျိုးကျဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေဖြစ်တာ။

မေး။AA စခန်းမှန်းသိလို ပစ်တာလို့ ယူဆရပါသလား၊ မတော်တဆလို့ မြင်ပါသလား။

ဖြေ။ ။ လက်နက်ကြီးပစ်တယ်ဆိုတာကတော့ မတော်တဆဆိုတာမရှိပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ကို ပစ်တယ်လို့ ပြောလို့ရတာပေါ့။

မေး။ဘာကြောင့်လို့ ထင်ပါသလဲ။ တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မှာဆိုရင် AAနဲ့ စစ်​ကောင်စီတပ်လူသားချင်းစာနာမှု အပစ်ရပ်စဲရေးလုပ်ထားတာရှိတယ်ဆိုတော့။

ဖြေ။ကျနော်တို့ ရခိုင်ဘက်မှာကျလို့ရှိရင် လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးက ဆက်ပြီးတော့ ရှိနေသေးတယ်။ ဒါကြောင့်မို့လို့ တစ်ဖက်နဲ့ တစ်ဖက်တင်းမာမှုတချို့ရှိပေမယ့် တိုက်ပွဲဖြစ်တဲ့အနေအထားထိတော့မရောက်သေးဘူး။ ဒါပေမဲ့လို့ အခုလိုင်ဇာဘက်မှာကြလို့ရှိရင်တော့ ကျနော်တို့ရဲ့ ယာယီဌာနချုပ် အခြေစိုက်ထားတဲ့ နေရာလည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ တချို့ လုံခြုံရေးလိုအပ်ချက်တွေအရ ကျနော်တို့ ရက္ခိုင့်တပ်တော်ရဲ့ တပ်ဖွဲ့တွေကို တပ်ဖြန့်နေရာချထားရ တာတွေရှိတယ်။ ဆိုတော့ အဲဒီနေရာမှာ မြန်မာစစ်တပ်ဘက်က ဝင်ရောက်လာလို့ရှိရင် တခါတလေ တိုက်ပွဲဖြစ်တာတွေလည်းရှိတယ်။ နောက်ပြီးလို့ရှိရင်ကျနော်တို့က မဟာမိတ်တွေနဲ့ အတူတူ ရှိနေတဲ့အခါကျတော့ ကျနော်တို့နဲ့ မဟာမိတ်တွေနဲ့ အတူတူနေတဲ့နေရာတွေမှာ မြန်မာစစ်တပ်ဘက်က စစ်ကြောင်းထိုးလာလို့ရှိရင် မလွှဲမရှောင်သာ တိုက်ပွဲဖြစ်တဲ့ဟာတွေတော့ ရှိတာပေါ့။

မေး။ အခုစစ်​ကောင်စီတပ်ပစ်ခတ်တာက AA ရဲ့ ယာယီဌာနချုပ်လား ၊ ရိုးရိုးတပ်စခန်းလားခင်ဗျ ။

ဖြေ။အခုကတော့ ကျနော်တို့ ဌာနချုပ် ဧရိယာမှာရှိတဲ့ တပ်စခန်းငယ်တစ်ခုပေါ့။ အဲဒီနေရာထိတာ။

မေး။ ဒီဖြစ်ရပ်ကြောင့် ဘယ်လို သက်ရောက်မှုရှိနိုင်ပါသလဲ။

ဖြေ။ ဒီလိုမျိုးရည်ရွယ်ချက်ရှိရှိနဲ့ ULA/AA တပ်စခန်းတွေကို ဆက်လက်ပြီးတော့ ဦးတည်တိုက်ခိုက်တဲ့ အနေအထားမျိုးဆက်ဖြစ်လာလို့ရှိရင်တော့ ဒါပုံစံကတော့တစ်မျိုးပြောင်းသွားနိုင်တာပေါ့။ ပြောမယ်ဆိုရင် အခုရှိနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အခုရရှိထားတဲ့ ယုံကြည်မှုတွေ အကုန်လုံးပျက်စီးသွားနိုင်တာပေါ့။

မေး။ရခိုင်မှာ အပစ်ရပ်ထားပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ စစ်အင်အားဖြည့်တာတွေရှိတယ်ဆိုတဲ့သတင်း​တွေကြားရပါတယ်။ အဲဒီဖြစ်စဉ်အပေါ်မှာရော ဘယ်လို တွေ့ရပါသလဲ။

ဖြေ။ဟုတ်ကဲ့ပါ။ စစ်အင်အား တိုးချဲ့တာတွေ စစ်ရေးပြင်ဆင်တာတွေကတော့ ရှိတာပေါ့။ ဘာကြောင့်လဲဆို စစ်တပ်တိုင်းလုပ်လေ့လုပ်ထရှိတဲ့ ကိစ္စလို့ ပြောလို့ရတာပေါ့။ ဘာကြောင့်လဲဆို စစ်တပ်တိုင်းက တိုက်ပွဲဝင် အသင့်ဖြစ်ရေးအတွက်ဘယ်သူမဆို ပြင်ဆင်ကြတာပေါ့။ ဒါပေမဲ့လည်း အဲဒီလို ပြင်ဆင်တဲ့နေရာမှာ အင်အားပြပြီးတော့ ပြည်သူကို ခြိမ်းခြောက်တာမျိုးတွေ ၊နောက်ပြီး ပြည်သူ အထိတ်တလန့်ဖြစ်အောင် စစ်ရေးလေ့ကျင့်တာမျိုးတွေ လက်နက်ကြီးပစ်တာမျိုးတွေ မလိုအပ်ဘဲ အဲဒီလိုမျိုးခြိမ်းခြောက်တဲ့အနေအထားလုပ်နေတာမျိုးတွေက မဖြစ်သင့်တဲ့ကိစ္စတွေပေါ့နော်။ အဲဒီလို ကိစ္စမျိုးတွေ ဆက်ပြီးလုပ်နေမယ်ဆိုလို့ရှိရင် အကောင်းဘက်ကို ဦးမတည်နိုင်ဘူးလို့တော့ ပြောလို့ရတာပေါ့။

မေး။ရခိုင်မှာ အပစ်ရပ်ထားပေမယ့် နိုင်ငံတဝန်းမှာ တိုက်ပွဲတွေအများကြီးဖြစ်ပြီး စစ်ရှိန်တွေမြင့်နေတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီဟာကတော့ မြန်မာစစ်တပ်ဘက်က အနေနဲ့တော့ သူတို့တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ စစ်မျက်နှာဖွင့်ပြီး တိုက်နေရတဲ့ အခြေအနေရှိတာပေါ့။ ဒါကြောင့်လည်းပဲ တစ်ဖက်မှာ သူတို့ရဲ့ လိုအပ်ချက် အခြေအနေတွေအရနေပြီးတော့ ရခိုင်ဘက်မှာ ထိုးစစ်မဆင်တာလည်းဖြစ်နိုင်တာပေါ့။

မေး။ဘယ်လိုအခြေအနေဆိုရင် AAနဲ့ စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲရေးပျက်စီးသွားနိုင်ပါသလဲ ။

ဖြေ။ကျနော်တို့ကတော့ အရင်လည်း အကြိမ်ကြိမ်ပြောပြီးပါပြီ။ ကျနော်တို့ရဲ့ ပြည်သူတွေကို မတရား ခြိမ်းခြောက်ဖိနှိပ် အနိုင်ကျင့်တာမျိုးတွေ မတရားဖမ်းဆီးတာမျိုးတွေ ဒီလိုမျိုးခြိမ်းခြောက်မှုပေါင်းများလာလို့ရှိရင်တော့ ပုံစံကတစ်မျိုးပြောင်းသွားတာပေါ့နော်။ ကျနော်တို့ အရင်လည်း ဖွင့်ပြောဖူးပါတယ်။ ဖိနှိပ်မှု များလာလို့ရှိရင်တွန်းကန်မှုက ရှိလာစမြဲပေါ့။ ဒါကြောင့်မို့ ပြည်သူတွေကို ခြိမ်းခြောက်တဲ့ ပုံစံမျိုးဖိနှိပ်တဲ့ ပုံစံမျိုး ဆက်လက်ပြီးတော့ မလုပ်ဖို့တော့ အရေးကြီးတာပေါ့။

မေး။တစ်ဖက်မှာ တော်လှန်ရေး အရှိန်မြှင့်နေတဲ့ အခြေအနေမှာ ULA/AA ကို ပါဝင်စေလိုတဲ့တော်လှန်ရေးအင်အားစုတွေရှိတာပေါ့။ ဒီအခြေအနေမှာ တချို့အဖွဲ့တွေကို AA က ကူညီပံ့ပိုးတာရှိသလိုတစ်ဖက်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီး ဘာပြောလိုပါသလဲ။

ဖြေ။ဒီဟာကတော့ကျနော်တို့ ဘုံရန်သူကို ဦးတည်တိုက်ခိုက်ရေးမူအပေါ်မှာ ကျနော်တို့ကတော့ အမြဲတမ်းရည်တည်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်ဗျ။

မေး။ဘုံရန်သူကို AAက ပါဝင်တိုက်ခိုက်တဲ့ အနေအထားမျိုးဖြစ်လာနိုင်ပါသလား။

ဖြေ။ကျနော်တို့က ရခိုင်ဘက်မှာစစ်ရေးရပ်ထားပေမယ့်လည်း တခြားနေရာတွေမှာ အခုနကကျနော်ပြောသလိုမျိုးပေါ့ ကျနော်တို့ရှိနေတဲ့ မဟာမိတ်နယ်မြေတွေမှာ တိုက်ပွဲတွေ ကျနော်တို့ရှိတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်လာလို့ရှိရင် ရန်သူဘက်ကထိုးစစ်ဆင်လာလို့ရှိရင် မလွှဲမရှောင်သာ တိုက်ခိုက်ရတဲ့အနေအထားမျိုးတွေတော့ရှိနေတာပေါ့။

မေး။လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ကျနော်တို့ကတော့ ကျနော်တို့ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်းပဲ ကျနော်တို့က တသွေမတိမ်း ဆက်လက်ပြီးတော့ချီတက်နေတဲ့အဖွဲ့အစည်းဖြစ်တယ်ဗျ။ ရှေ့မှာလည်းပဲ ဒီအတိုင်းပဲ ဆက်လက်ပြီးတော့ ချီတက်သွားမှာဖြစ်တယ်။

မေး။ ရက္ခိတ လမ်းစဉ်လို့ပြောတဲ့အခါတချို့က မရှင်းလင်းတာမျိုးရှိတာပေါ့။ တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေက ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ဖို့ ဆိုတဲ့အပိုင်းရှိတာပေါ့။ AA ရဲ့ ရက္ခိတာလမ်းစဉ်နဲ့ ဒါနဲ့(ဖက်ဒရယ်ပြည်ထောင်စု)က သီးခြားလား ဒါမှမဟုတ် အတူတကွဖြစ်သွားမလား။ ဘယ်လိုမျိုးဆိုတာပြောလို့ရမလား

ဖြေ။ကျနော်တို့ဘက်ကတော့ ကျနော်တို့ဖြစ်ချင်တဲ့ အနေအထားကို အရင်ကတည်းကထုတ်ပြောပြီးသားရှိတယ်ဗျ။ အခုလည်းပဲဒီအတိုင်းပါပဲ ဘာမှ အပြောင်းအလဲတော့မရှိဘူးပေါ့။ အနိမ့်ဆုံးကတော့ ကျနော်တို့ ရခိုင်တွေအနေနဲ့ ကွန်ဖက်ဒရိတ် အဆင့်အတန်းကို ရကို ရ, ရမယ်ဆိုတဲ့ မူအပေါ်မှာပဲ ကျနော်တို့ဆက်ပြီးရပ်တည်နေတာဖြစ်တယ်။ တကယ်လို့ အဲဒီအနေအထားက တခုခုအတိမ်းအစောင်းဖြစ်လို့ရှိရင်တော့ ဒါ ကျနော်တို့က ကျနော်တို့ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်းပဲ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

မေး။ဖြည့်စွက်မေးလိုတာကတော့ ALP ဘက်က ခေါင်းဆောင်တွေအဖွဲ့ဝင်တွေ စစ်တွေမှာ ရှင်းလင်းခံရတာရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတချို့က AA အနေနဲ့ ပါဝင်ပတ်သက်မှု ရှိတယ်လို့ယူဆကြသလို အချို့ကလည်း သူတို့ အချင်းချင်းဖြစ်တယ်လို့ ယူဆတာရှိတယ်။ ဒီဖြစ်ရပ်အပေါ်ဘာပြောလိုပါသလဲ။

ဖြေ။ဒီဟာကတော့ကျနော်တို့နဲ့တော့ ပတ်သက်မှုမရှိဘူးဗျ။ ဘာကြောင့်လဲဆို ALPက ခင်ဗျားတို့သိတဲ့အတိုင်းပဲ သူတို့မှာ သူတို့အချင်းချင်း အကြားမှာ အကွဲအပြဲတွေ နောက် နေရာလုမှုတွေ နောက် စားကျက်လုမှုတွေ ပေါ့နော် အဲဒီကိစ္စတွေ တောက်လျှောက်ဖြစ်ပြီး တစ်ဖက်နဲ့တစ်ဖက်လုပ်ကြုံနေကြတယ်လို့ပဲကျနော်တို့က သုံးသပ်တယ်။ တစ်ဖက်မှာလည်း ဒေသခံပြည်သူတွေကို သူတို့ လက်နက်နဲ့ အနိုင်ကျင့်ခြိမ်းခြောက်တာမျိုးတွေ နောက်ပြီးလို့ရှိရင်ပြန်ပေးဆွဲ ငွေတောင်းတဲ့ဟာတွေ တောက်လျှောက်ဖြစ်နေတယ်။ ဒီအပေါ်မှာလည်းပဲ ဒေသခံပြည်သူတွေက မကျေနပ်မှုတွေမြင့်တက်နေတာပေါ့။ ဒါကြောင့်လည်းပဲ ဒီမကျေနပ်တဲ့သူတွေက လုပ်ကြံတဲ့ဟာမျိုးလည်းရှိနိုင်တာပေါ့။

မေး။ အခြားဘာဖြည့်စွက်ပြောလိုပါသလဲ။

​ဖြေ- ဘာမှတော့ အခြားမှတ်ချက်ပေးစရာမရှိဘူး။

People’s Spring – ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။