Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KIA နယ်မြေရှိ AA တပ်စခန်းကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ AA အရာရှိတစ်ဦးကျဆုံး၊ အချို့ဒဏ်ရာရ

စက်တင်ဘာ ၂၈ရက် ၁၀နာရီခန့်တွင် စစ်ကောင်စီတပ်အခြေစိုက်ထားသည့် ခါရာတောင်ပေါ်မှ (၁၂၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

(ရက္ခိုင့်တပ်တော်(AA) မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(ရက္ခိုင့်တပ်တော်(AA) မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - AA)

“လက်နက်ကြီးပစ်တယ်ဆိုတာကတော့ မတော်တဆဆိုတာမရှိပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ကိုပစ်တယ်လို့ ပြောလို့ရတာပေါ့” – ဦးခိုင်သုခ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာနယ်မြေရှိ ရက္ခိုင့်တပ်တော်(AA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ AAတပ်မှ ဗိုလ်ကြီးတစ်ဦး ကျဆုံးခဲ့ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခက ပြောကြားသည်။

စက်တင်ဘာ ၂၈ရက် ၁၀နာရီခန့်တွင် စစ်ကောင်စီတပ်အခြေစိုက်ထားသည့် ခါရာတောင်ပေါ်မှ (၁၂၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီခါရာတောင်ကြောကနေ လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ (၁၂၀) မမနဲ့ပစ်တာ။ အဲဒီမှာ ကျနော်တို့ရဲ့မုန်လိုင်ခတ်တပ်စခန်း ပေါ့နော် အဲဒီနေရာကို လက်နက်ကြီးကျရောက်ပေါက်ကွဲတယ်။ဆိုတော့ ကျနော်တို့ဘက်ကဗိုလ်ကြီးတစ်ယောက်အပါအဝင် ရဲဘော်အချို့ ဒဏ်ရာရတာရှိတယ်။ အဲဒီမှာ ဒဏ်ရာပြင်းထန်တဲ့ ဗိုလ်ကြီးက ညနေ ၄နာရီလောက်မှာ အရေးပေါ်ဆေးကုသမှုခံယူရင်းနဲ့ ကျဆုံးသွားတာရှိတယ်”ဟု ဦးခိုင်သုခက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ယခုကဲ့သို့ AA တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊လေကြောင်းတိုက်ခိုက်ခြင်းများလည်း ယခင်ကလည်း ပြုလုပ်ခဲ့ဖူးသည်ဟု ၎င်းက ပြောသည်။

၂၀၂၂ ဇူလိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေရှိ AA တပ်စခန်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့၍ AA တပ်ဖွဲ့ဝင် ၆ဦး ကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

“အလားတူပါပဲ။ အခုလည်း သူတို့လက်နက်ကြီးနဲ့ ကျနော်တို့လိုင်ဇာဧရိယာမှာရှိတဲ့ တပ်စခန်းကို လှမ်းပြီးတော့ပစ်တာပေါ့နော်”ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ်က AA တပ်စခန်းကို သိလျက် တိုက်ခိုက်လာခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“လက်နက်ကြီးပစ်တယ်ဆိုတာကတော့ မတော်တဆဆိုတာမရှိပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ကိုပစ်တယ်လို့ ပြောလို့ရတာပေါ့” ဟု ဦးခိုင်သုခက ပြောသည်။

AAသည် စစ်ကောင်စီနှင့် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲရေး လုပ်ဆောင်ထားသည့်အဖွဲ့ဖြစ်သည်။ တစ်ဖက်တွင်လည်း ၎င်း၏ မဟာမိတ်နယ်မြေများ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့အချို့ကိုအကူအညီပေးခြင်းများ ရှိသည်ဟု ဆိုသည်။