▪︎ကရင်နီပြည်သူ့ရင်ခွင်၊ KNDF-CDM ဌာနမှူးနဲ့မေးမြန်းခန်း
ကရင်နီ(ကယား)ပြည်နယ် ရှေ့တန်းဟုဆိုလိုက်သည်နှင့် စစ်ကောင်စီတပ်သားများအတွက် ကျောစိမ့်စရာအမည်ဖြစ်လာခဲ့သည်။နိုင်ငံတွင် အသေးဆုံးပြည်နယ် ဖြစ်သော်လည်း နွေဦးတော်လှန်ရေးတွင် ကရင်နီပူးပါင်းတပ်ဖွဲ့များ၏ စုစည်းညိညွတ်ကာ ထက်မြတ်လှသောတိုက်ခိုက်ရေးစွမ်းရည်ကြောင့် ကရင်နီသည် စစ်ကောင်စီတပ်အတွက် အသတ်ခံရသော သတ်ကွင်းဖြစ်လာ၏ ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတော်လှန်ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်သား ၂၀၀၀ ကျော်သေဆုံးခဲ့ကြောင်းသိ့ရသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ အချက်အလက်များအရ သြဂုတ် နှင့် စက်တင်ဘာ ၂လ အတွင်းမှာပင် ကရင်နီ၌ စစ်သား ၁၈၂ ဦး သေဆုံးကာစစ်သုံ့ပန်း ရှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ထို့ကြောင့်လည်း ကရင်နီသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ ထွက်ပြေးမှု အပါအဝင် KNDF ၏ ကရင်နီပြည်သူ့ရင်ခွင် သို့ ခိုလှုံလာသည့် အရေအတွက် ပို၍ များလာသည်။၂၀၂၂ မေလမှစ၍ ပြည်သူနှင့်ပူးပေါင်းလာသောစစ်သားများကို”ကရင်နီပြည်သူ့ရင်ခွင်”က ကူညီဆောင်ပေးနေသည်၊ အလင်းဝင်လာစစ်သားများကို လက်ခံကူညီပးနေသော အစီအစဥ်များကို ကရင်နီပြည်သူ့ရင်ခွင်၊ KNDF -CDM ဌာနမှူး ကိုယုန်လေးအား People’s Spring သတင်းဌာနက မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။
ရဲခေါင်/People’s Spring
မေး- အခုလပိုင်းတွေမှာ CDM ဒါမှမဟုတ် ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတွေ အရင်ထက်များလာတာ ဘာကြောင့်လို့မြင်လဲ ။
ဖြေ-ဒီ နှစ်လ အတောအတွင်းက တော်တော်များတယ် ။၃၀ ကျော်လောက်ရှိတယ်။ခိုလှုံလာတဲ့ သူတွေကို ကြည့် ရင် တပ်မ ၅၅ နဲ့ ကရင်နီအခြေစိုက်တပ်ရင်းတွေအများစုပေါ့။ အဲဒီတပ်တွေက အခု ကရင်နီမှာ စစ် ကြောင်းထိုးနေတဲ့သူတွေ ဖြစ်တယ်။ဒါကို ကြည့်ချင်း အားဖြင့် သူတို့ အသေမခံချင်ကြတော့ဘူး။

Public Service Announcement
မေး- အခုနောက်ပိုင်း ခိုလှုံလာတဲ့ သားတွေဆီကတစ်ဆင့် ရရှနတဲ့အချက်အလက်တွေအရစစ်ကောင်စီတပ်တွင်းအခြေအနေကိုရော ဘယ်လိုသုံးသပ်ပါလဲ ။
ဖြေ- သူတို့ထွက်ဆိုချက်နဲ့ ကျွန်တော်တို့ စစ်ဆေးချက်အရ သူတို့ ဘက်က ဖွဲ့စည်းပုံတော်တော်လေးပျက်နေတယ်။ရှိတဲ့သူအားလုံးကလည်း ၁၀၀ မှာ ၈၀ လောက်က ထွက်ပြေးချင်နေတဲ့အနေအထားမျိုးရှိတယ်။ထွက်ပြေး နေပြီး ကျွန်တော်တို့ဆီ မရောက်တဲ့ သူတွေလည်းရှိတယ်။သူတို့ ရဲ့ စိတ်ဓာတ်တွေက စစ်ကောင်စီတပ်ထဲမှာ မနေချင်တာ တော်တော်လေး ဖြစ်နေကြတယ်။လုံးဝ မလစ်နဲ့ လစ်ရင် လစ်သလို ပြေးနေကြတာ မျိုး ဖြစ်နေတာပေါ့။
မေး- ဒီနှစ်လအတွင်း ဝင်လာတဲ့သူ ၃၀ ကျော်မှာ လက်နက်ပါတဲ့သူ ဘယ်နှစ်ယောက်လောက်ရှိလဲ။
ဖြေ- ခြောက်ယောက်ကပါလာတယ်။ကျန်တဲ့သူတွေကတော့ အခြေအနေအရ မပါလာကြဘူး။အခြေအနေ ကိုယ်စီ အရ ထွက်ပြေးလာကြတာပေါ့။ပြောနိုင်တာက တော့ စစ်တပ်(စစ်ကောင်စီ)ရဲ့ အောက်ခြေမှာ ဖွဲ့ စည်းပုံတွေပျက်နေပြီ။
မေး- အခုဆို KNDF ရဲ့ ပြည်သူ့ရင်ခွင်မှာ စစ်ကောင်စီ တပ်သား(ရဲမပါ) ခိုလှုံလာတဲ့သူ အရေအတွက် ဘယ်လောလောက်ရှိပြီလဲ။ဘယ်အဆင့် အထိ ပါလဲ။
ဖြေ- စုစုပေါင်း ၁၅၀ ဝန်းကျင် လောက်ရှိပြီ။ဗိုလ်အဆင့်ကနေ အောက်ခြေအဆင့် တပ်ကြပ်ကြီးတပ်သားတွေပါတယ်။
မေး- ခိုလှုံလာတဲ့စစ်ကောင်စီတပ်သားတွေအတွက် ဘယ်လို ကူညီပေး နေလဲ။စစ်ကောင်စီတပ်ထဲက ထွက်လာချင်တဲ့သူတွေကိုရော ဘာပြောချင်လဲ။
ဖြေ- လုံခြုံတဲ့နေရာ နဲ့ စားဝတ်နေရေးမပူပန် စေရဘူးဆိုတာ ကတိပြုတယ်။လက်နက် တွေပါ ပါလာရင် ပြည်သူက ချီးမြှင့်တဲ့ ထိုက်တန်တဲ့ငွေ တွေကိုပါ ကျွန်တော်တို့ ပေးနေပါတယ်။နောက် တကယ် စိတ်ဆန္ဒရှိတဲ့သူတွေကို တော်လှန်ရေးမှာ ပါဝင်ခွင့်ပြုနေတယ်။ဘယ်လိုပဲ ဖြစ်ဖြစ်ရင်ထဲကနေ စစ်ကောင်စီတပ်ထဲက ထွက်လာချင်တဲ့သူတွေကို အမြဲ ကြိုဆိုနေတယ်။
မေး-စစ်ကောင်စီတပ်ထဲ မှာရှိနေသေးတဲ့ သူတွေကိုရော မှတ်ချက်ပြုချင်တာရှိမလား။
ဖြေ- တပ်မတော်က အမြဲတမ်းနိုင်တယ် တပ်မတော်က အမြဲတမ်းအသာစီးရတယ်ဆိုတဲ့ ရိုက်သွင်းခံထားရတဲ့စိတ်တွေကို လက်ရှိ တော်လှန်ရေးမှာ လက်တွေ့ကြကြ သုံးသပ်ကြပါလို့။ တပ်တွင်းမှာရှိနေသေးတဲ့ စစ်ကောင်စီ တပ်သားတွေကို အသိပေးလိုပါတယ်။ကိုယ့်ခံယူချက်က ဘာလဲ ဆိုတာ အတွင်းစိတ်နဲ့ အသိဥာဏ်ကိုပေါင်းပြီး ဆုံးဖြတ်ကြပါ။ပြည်သူလူထုကို တကယ်ကာကွယ်နေတာလား ကိုယ့်ကိုကိုယ် မေးကြပါ။ ငါကအဖွဲ့အစည်း ၊တစ်ဦး၊ တစ်ယောက်တည်းအတွက် ရပ်တည်နေတာလား ဆိုတာ ဆန်းစစ်ကြပါ။CDM လုပ်လာမယ်ဆိုလည်း ပြည်သူနဲ့အတူ မျှဝေ ခံစားနိုင်လား ဆိုတာ လိုပါတယ်။
မေး- ဘာဖြည့်စွက်ဖြည့်စွက်ပြောလိုပါသလဲ။
ဖြေ-ရှေ့လျှောက်မှာ စစ်ကောင်စီဘက်က ထိုးစစ်တွေကို ကရင်နီ မှာ အများကြီးလုပ်မှာပဲ။ဒါပေမယ့် လက်ရှိ မြေပြင်ကို ကြည့်ကြပါလို့ လာမယ့်သူတွေကိုပြောချင်တယ်။ဒါကြောင့် လက်နက် နဲ့တကွ စောစောစီးစီး ကရင်နီမှာ CDM လုပ်ကြပါ။မဟုတ်ဘဲ စစ်ကောင်စီညွှန်ကြားချက်အတိုင်း လာမယ်ဆိုရင် သေမှာပဲ။
People’s Spring-ကျေးဇူးတင်ပါတယ်။
