Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဘာလက်နက်မှ မရှိတဲ့ ကလေးတွေကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်တာတော့ အရမ်းလွန်လွန်းတယ်။ နယ်တွေမှာဆို ကြောက်ပြီး ဒူးထောက်အညံ့ခံနေတဲ့ စစ်သားတွေက မြို့ပေါ်မှာတော့ သေနတ်ရှိတယ်ဆိုပြီး ထင်တိုင်းကြဲနေတာပါ”

အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှု ကြောင့် ဆန္ဒပြ လူငယ် ၂ ဦးသေဆုံးပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာများကဖော်ပြသည်။စစ်ကောင်စီကမူ ၂ ဦးဒဏ်ရာရရှိပြီး စုစုပေါင်း ၄ ဦးကိုဖမ်းဆီးခဲ့ကြောင်းဝါဒဖြန့်ခဲ့သည်။

(ဒီဇင်ဘာ ၈ ရက်ညက စစ်တပ်က ပစ်ခတ်ခဲ့သည့် သီတာလမ်းထိပ်တစ်နေရာအား သဲများဖုံးအပ်ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ရန်ကုန်ဒရုန်း)
(ဒီဇင်ဘာ ၈ ရက်ညက စစ်တပ်က ပစ်ခတ်ခဲ့သည့် သီတာလမ်းထိပ်တစ်နေရာအား သဲများဖုံးအပ်ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ရန်ကုန်ဒရုန်း)

-တာမွေတွင်ဆန္ဒပြလူငယ်များကို စစ်ျကာင်စီကပစ်ခတ်အကြမ်းဖက်ဖမ်းဆီးခဲ့မှုမြင်တွေ့ခဲ့သူတစ်ဦးနှင့်မေးမြန်းခန်း

ရန်ကုန်မြို့ တာမွေမြို့နယ် သီတာလမ်းထိပ်တွင် ဒီဇင်ဘာ ၈ ရက်ညက တာယာကွင်းမီးရှို့၍ စစ်ကောင်စီကြောင့် ကုန် ဈေးနှုန်းကြီးမြင့် ဆီပြတ်လပ်ကာအထွေထွေ အကြပ်အတည်းဖြစ်ပေါ်နေသည့်အပေါ်ဆန္ဒပြသည့် လူငယ်အချို့ကို စစ် ကောင်စီတပ်နှင့် ရဲများက သေနတ်ဖြင့်လိုက်လံ ပစ်ခတ်၍ အကြမ်းဖက် ဖမ်းဆီးခဲ့သည်။ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှု ကြောင့် ဆန္ဒပြ လူငယ် ၂ ဦးသေဆုံးပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာများကဖော်ပြသည်။စစ်ကောင်စီကမူ ၂ ဦးဒဏ်ရာရရှိပြီး စုစုပေါင်း ၄ ဦးကိုဖမ်းဆီးခဲ့ကြောင်းဝါဒဖြန့်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကို မြင်တွေ့ခဲ့သော ပြည်သူတစ်ဦးအား People’s Spring က ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်သည်။

မေး ။ဒီဇင်ဘာ ၈ ရက်ညက သီတာလမ်းမှာ စစ်တပ်က ပစ်ခတ်ခဲ့တဲ့ ဖြစ်စဥ်ကို မြင်တွေ့သိရသလောက် ပြောပေးပါဦး။

ဖြေ – ညက ၆ နာရီခွဲလောက်မှာ တာမွေ အာသောကလမ်းဘက်မှာ ကလေးတွေက တာယာကွင်းမီးရှို့ပြီး ဆန္ဒပြခဲ့တယ်။ ပြီးတော့ ဆန္ဒပြတဲ့ကလေးတွေကို ရဲတွေက လိုက်ရှာတော့ သီတာလမ်းဘက် ကားမှတ်တိုင်မှာ တွေ့သွားလို့ ဆိုပြီး စစ်တပ်က လိုက်ပစ်တာပါ။ သေနတ်သံ ၄၊ ၅ ချက် ကြားရတယ်။ လူတွေလည်း သေနတ်သံကြားတော့ ဝရုန်းသုန်းကားနဲ့ ထွက်ပြေးကြတာ လှမ်းမြင်ရတယ်။ စစ်တပ်က ပစ်လိုက်လို့ ကလေးတစ်ယောက် သီတာလမ်းပေါ်မှာ လဲကျသွားတယ်။ လဲသွားတဲ့ကလေးကို ထားပြီး ကျန်တဲ့ ကလေးတွေကို ဗညားဒလလမ်းအတိုင်း လိုက်ဖမ်းတာ တွေ့လိုက်တယ်။ အရပ်ဝတ်တွေရော၊ စစ်သားတွေရော အများကြီး အော်ပြီး လိုက်ဖမ်းနေတာပါ။

Public Service Announcement

Public Service Announcement

မေး ။ကလေး ဘယ်နှစ်ယောက် သေနတ်ထိပြီး ဘယ်နှစ်ယောက်အဖမ်းခံရတာ တွေ့လိုက်သေးလဲ။

ဖြေ ။သီတာလမ်းဘက်မှာတော့ သေနတ်မှန်ပြီး လဲသွားတာ ကလေးတစ်ယောက်ထဲပါပဲ။ အဲဒီ့ကလေးကို ခေါင်း၊ ခြေထောက်ကနေ မပြီး ကားပေါ်တင်သွားကြတယ်။ ခဏနေတော့ ဗညားဒလလမ်းဘက်ကို ထွက်ပြေးတဲ့ ကလေး ၃ ယောက်လည်း အဖမ်းခံရတယ်လို့ သိရတယ်။ လာဖမ်းတာ စစ်ကားနှစ်စီးအပြင် အိမ်စီးကားနှစ်စီးလည်း ပါတယ်။ ဖြစ်တာက ၁၅ မိနစ် ဝန်းကျင်လောက်ပဲ ကြာမယ်ထင်တယ်။ ပစ်ခတ်တာတွေ ဖြစ်ပြီးတော့ စစ်ကားတစ်စီးက လမ်းကို ကန့်လန့်ဖြတ်ရပ်ပြီး လမ်းတွေပိတ်လိုက်တယ်။ အဲ့နားက စျေးဆိုင်တွေကိုလည်း အကုန်ပိတ်ခိုင်းတယ်။ ၁၄၄ လမ်းကနေ သြဘာလမ်းအထိ ပိတ်ချလိုက်ပြီး လူတွေရော ကားတွေပါ ပေးမဖြတ်ပဲ ထပ်စစ်ကြသေးတယ်။

မေး ။အခြားလူငယ်တွေရော ထပ်အဖမ်းခံရသေးလား။ ညဘက်ဧည့်စာရင်းစစ်တာ ရှိသေးလား။

ဖြေ ။သီတာလမ်းထိပ် City Express ရှေ့ဖြတ်သွားတဲ့ လူငယ်အချို့ကို စစ်ဆေးနေတာတော့ တွေ့လိုက်တယ်။ ဖမ်းသွားတာ မတွေ့လိုက်မိဘူး။ ပွဲစျေးဘက်က ပြန်လာတဲ့ လူတွေကိုလည်း စစ်နေတာတော့ လှမ်းတွေ့ရတယ်။ ထပ်ဖမ်းတာ မရှိဘူးလို့တော့ ကြားပါတယ်။ ဧည့်စာရင်းက သြဘာလမ်းဘက်မှာတော့ ညကဝင်စစ်တယ် ကြားပါတယ်။ သီတာလမ်းဘက်မှာရော ဧည့်စာရင်းဝင်စစ်တယ် မကြားမိဘူး။ ဧည့်စာရင်း စစ်တယ် ဆိုတာလည်း သူတို့ ငွေညှစ်ချင်လို့ သက်သက်လုပ်တာပါပဲ။ ဧည့်စာရင်းမတိုင်တဲ့သူတွေကို ပိုက်ဆံတောင်း ခြိမ်းခြောက်ပြီး နောက်ရက် ပြန်တိုင်ခိုင်းတာပါပဲ။

မေး။လူငယ်တွေက တာမွေရဲစခန်းကို ဗုံးဖောက်ဖို့လုပ်လို့ စစ်တပ်က ပစ်ခတ်ဖမ်းဆီးတယ်လို့ ထုတ်ပြန်တဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ ။ကလေးတွေမှာ လည်ပင်းမှာ လွယ်တဲ့ အိတ်အသေးလေးတွေပဲ ပါတာတွေ့ရတယ်။ ဒါ့ကြောင့် ဖောက်ခွဲရေးပစ္စည်းတွေ ပါတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ စစ်သားတွေက မြို့ပေါ်လမ်းပေါ်မှာ သေနတ်တွေ တကားကားနဲ့ လိုက်ပစ်ခတ်လို့ လိမ်ပြီး ထုတ်ပြန်တာပဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့သိသလောက်နဲ့ ရပ်ကွက်ကလူတွေ တွေ့လိုက်ရသလောက်တော့ ဒီကလေးတွေက အသောကဘက်မှာ တာယာကွင်း မီးရှို့ပြီး ဆန္ဒပြတာကလွဲရင် ကျန်တာ ဘာမှမလုပ်သွားပါဘူး။

မေး ။ဒီဖြစ်ရပ်ပေါ် ပြည်သူတစ်ယောက်နဲ့ ဘာများပြောချင်တာရှိလဲ။

ဖြေ ။ဆန္ဒပြတဲ့ကလေးတွေကို သတိကြီးကြီးထားပြီး လုပ်စေချင်တယ်။ ဒီလမ်းမှာ လုပ်မယ်ဆိုရင် ဟိုဘက်ဒီဘက် ထွက်ပေါက်၊ ဝင်ပေါက်တွေက အစ သေချာ Scout လုပ်ပြီးမှ လုပ်စေချင်တယ်။ နို့မို့ဆို သူတို့အတွက် အရမ်းအန္တရာယ်များတယ်။ စစ်တပ်က နယ်တွေမှာ မနိုင်တာနဲ့ မြို့ပေါ်မှာ ကလေးတွေကို ပြဿနာပိုရှာလာတယ်။ ဘာလက်နက်မှ မရှိတဲ့ ကလေးတွေကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်တာတော့ အရမ်းလွန်လွန်းတယ်။ နယ်တွေမှာဆို ကြောက်ပြီး ဒူးထောက်အညံ့ခံနေတဲ့ စစ်သားတွေက မြို့ပေါ်မှာတော့ သေနတ်ရှိတယ်ဆိုပြီး ထင်တိုင်းကြဲနေတာပါ။ ကိုယ့်ရဲ့ သားသမီးအရွယ်လေးတွေကို ဘယ်လိုစိတ်နဲ့ ပစ်ခတ်နေတာလဲ ဆိုတာ စဥ်းစားမရဘူး။ ဒါ့​ကြောင့် အခုမျိုးဆက်မှာ စစ်အာဏာရှင် ပြတ်သုန်းမှ တိုင်းပြည်က အေးချမ်းသာယာပြီး လွတ်လွတ်လပ်လပ် နေထိုင်လို့ရမှာပါ။ ။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီးနှင့် သမိုင်းလမ်းဆုံတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

သတင်း

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုနှင့် ရင် ဆိုင်နေရခြင်းနှင့်အတူ တစ်နိုင်တစ်ပိုင် အိမ်သုံးဓာတ်အားပေး တပ်ဆင်မှုများမှာလည်း နှစ်ဆခန့်စျေးမြင့်တက်နေသည်ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက အသိပေးသည်။

သတင်း

လူငယ်များက အကျီအနက်ပေါ်တွင် ရှစ်လေးလုံး စာသားကို ရေးသား၍ ဆူးလေ ခုံးကျော်တံတားပေါ်၌ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆောင်းပါး

စစ်ကောင်စီတပ်က ဆန္ဒပြလူငယ်များအား တွေ့သည်နှင့် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်နေချိန်မို့ သပိတ်အဖွဲ့ဝင်များအား အထိအခိုက်နည်းနိုင်သမျှ နည်းစေရန် ကြိုတင်ပြင်ဆင်နေကြခြင်းဖြစ်သည်။ ပိုပြီး အန္တရာယ်များစေသည်က မြို့ပြ၏ CCTV ယဥ်ကျေးမှုကြီးဖြစ်သည်။