ဖေဖော်ဝါရီ-၆၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။
“ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ နဲ့ ဒီနှစ်ဇန်နဝါရီလမှာ အဖမ်းအဆီးတွေ သိရတာ နည်းသွားပါတယ်ဗျ။ ရွေးကောက်ပွဲလုပ်နေလို့ နည်းနည်းထိန်းထားတယ်လို့တော့ ထင်ပါတယ်” လို့ RSNရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၇၈ဦးမှာ ၄ ဦးပြန်လည်လွတ်မြောက်ပြီး ၂၁ ဦးက စစ်မှုထမ်းသင်တန်းကျောင်းနဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement
ကျန်တဲ့ ၅၃ ဦးရဲ့ ဖမ်းဆီးခံရပြီးနောက်ဆက်တွဲ အခြေအနေကိုတော့ အတည်မပြုနိုင်ဘူးလို့ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ သတင်းအတိအကျနဲ့ဖမ်းဆီးတာ ၊ လမ်းမပေါ်သွားလာစဉ် ၊ လမ်းဘေးထိုင်နေစဉ် အဖမ်းခံရတာ ၊ ရှောင်တခင်စစ်ဆေးရင်း နဲ့ ဧည့်စာရင်းစစ်ရင်းစတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။
ဒါ့အပြင် စစ်ရေးလှုပ်ရှားမှုတွေမှာပါဝင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ နှစ်ဦး ရှိသလို စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို နှောက်ယှက်တဲ့အကြောင်းပြချက်နဲ့ ၆ ဦးဖမ်းဆီးခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၅အတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ RSN ကထုတ်ပြန်ထားပါတယ်။

















































