Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ပြည်သူလူထု အနေနဲ့လည်း ကူညီပံ့ပိုးဖို့ စိတ်ဆန္ဒရှိလို့ရှိရင်လည်း ကူညီပံ့ပိုးလို့ရပါတယ်”

လိုင်ဇာ​ရေကြီးမှုအ​ပေါ် KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူနဲ့​မေးမြန််းခန်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့နဲ့ အနီးတ၀ိုက်မှာ ဩဂုတ် ၄ရက် မနက်အစောပိုင်းက တောင်ကျရေကြောင့် ရေကြီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ရုတ်တရက်​ရေကြီးမှု​ကြောင့် လူသေဆုံးမှု၊ နေအိမ်​တွေ​မျောပါပျက်စီးတာ​တွေ ၊စက်ယန္တရား​တွေပျက်စီးခဲ့ပါတယ် ။ လိုင်ဇာမှာ ​ရေကြီးမှုနဲ့ ပတ်သက်ပြီး KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို People’s Spring ကဆက်သွယ်မေးမြန်းထားပါတယ် ။

ထားမြတ်/People’s Spring

မေး။ ။လိုင်ဇာဒေသမှာ ရေကြီးမှုကြောင့်ထိခိုက်ပျက်စီးအခြေအနေ ရှင်းပြပေးပါလား။

ဖြေ။ ။ ၈လပိုင်း ၄ရက်နေ့ မနက် ၄နာရီ ၆နာရီကြားမှာ ရေတအားကြီးလို့ ကျနော်တို့ရဲ့ ဂျေယန်း စစ်ရှောင်စခန်းရယ်၊ ဖွမ်လွမ်ယန်ဘက်က စစ်ရှောင်စခန်းရယ်၊ နောက်ဂျာဒူခေါင်ဆိုတဲ့ရွာရယ်၊ မုန်းဆိုင်ယန် အဲဒီနေရာမှာ ထိခိုက်သွားတာဖြစ်ပါတယ်။ ထိခိုက်တဲ့ အိမ်တွေပါသွားတယ်။ တချို့တွေက တအိမ်လုံးပါသွားတာပေါ့။ တချို့တွေက မီးဖိုချောင်တို့ နည်းနည်းပါးပါးထိခိုက်တာတွေရှိတယ်။ အားလုံးကတော့ အိမ်ခြေပေါင်း ၁၀၀ ကျော်ကတော့ ထိခိုက်သွားတာပါ။

Public Service Announcement

Public Service Announcement

မေး။ ။လူထိခိုက်သေဆုံးမှု​ရောရှိပါသလား။

ဖြေ။ ။ အခုထိကတော့ ကျနော်တို့ ကောက်ရတဲ့ သတင်းအရကတော့ လူကတော့ ၆ဦးပဲရှိပါတယ် သေသွားတာပေါ့။ အမျိုးသမီး ၁ဦးရယ် ကျန်တဲ့ဟာက ယောက်ျား ၄ဦးနဲ့ ကလေးငယ် ၁ဦးပါပါတယ်။

မေး။ ။ ဘယ်လိုအနေအထားမှာ သေဆုံးသွားတာပါလဲ။

ဖြေ။ ။ သူတို့ ပြေးရင်းနဲ့ ပါသွားတာပေါ့။

မေး။ ။ အဲဒီဒေသမှာအရင်ကလည်း ရေကြီးတာ ကြားဖူးပါတယ်။ ဒါပေမဲ့ အခုလို ရေကြီးတာမျိုး မကြားဖူးလို့ အတွေ့အကြုံရှင်းပြပေးပါလား။

ဖြေ။ ။ အရင်ကတော့ဒီထက်ပိုကြီးပါတယ်။ ဒီတခါတော့ အရင်ကထက်စာလို့ရှိရင်တော့ အရင်ထက်တော့ မကြီးပါဘူး။ လွန်ခဲ့တဲ့ ၁၉၉၁ မှာ ကြီးတုန်းကတော့ ညသန်းခေါင်ယံမှာ ဖြစ်တယ်။ ဒါကြောင့် ပိုပြီးမှ လူတွေထိခိုက်တာပိုများတယ်။ဒီတခါတော့ မနက်မိုးလင်းတဲ့အချိန်မှာပဲဆိုတော့ သိပ်ပြီးမှ ထိုခိုက်မှုမရှိဘူးပေါ့။ ထွက်ပြေးတာတွေ ရှောင်သွားတာတွေကတော့ လုပ်လို့ရတာပေါ့။

မေး။ ။ အဲဒီတုန်းကရော ဘယ်လောက် ထိခိုက်ခဲ့တာပါလဲဗျ။

ဖြေ။ ။ အရင်(၁၉၉၁) က​တော့များပါတယ်။လူတောင်မှ ၅၀ ကျော် ပါသွားတယ်။ အဲဒီအချိန်မှာ။ အခုတော့ ၆ဦး။ အရင်ကတော့ ၅၃ဦးလား မသိဘူးပါသွားတာ။ရွာတွေတော်တော်များများ ပါသွားတာ။

မေး။ ။ အခုလိုရေကြီးတာ မိုးများတာကြောင့်ပဲလား အခြားအခြေအနေတွေရှိပါသေးလား။

ဖြေ။ ။ မိုးများလို့ ဖြစ်ပါတယ်။ တောင်ကျရေတွေပေါ့။ တောင်ကျရေတအားကြီးလာလို့။

မေး။ ။ ကယ်ဆယ်ကူညီရေး ဆောင်ရွက်နေမှု အခြေအနေ ပြောပြပေးပါလား။

ဖြေ။ ။ ကျနော်တို့ KIOက ကော်မတီတွေ ဖွဲ့စည်းပြီးမှ ကယ်ဆယ်ရေး တွေလုပ်နေပါတယ်။ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်နေပါတယ်။ အခြား လူမှုအဖွဲ့အစည်းတွေ ဘာသာရေးတို့ CSOတို့လည်း ကူညီပံ့ပိုးမှုတွေရှိပါတယ်။ အခုလည်း ကူညီချင်လို့ရှိရင် ရပါတယ်။

မေး။ ။ အခု ရေဘေးသင့်တဲ့ ဒုက္ခသည်စခန်းကလည်း နှစ်တွေအကြာကြီး စစ်ရှောင်နေရတာဆိုတော့ အခက်အခဲက နဂိုရ်ကတည်းကရှိပြီးသားမှာ ရေဘေးကြောင့် ပိုခက်ရတဲ့အ​ပေါ် ဘာပြောလိုပါသလဲ။

ဖြေ။ ။ ကျနော်တို့စစ်ဘေးဒုက္ခသည်မှာပဲအခု ရေဘေးဒုက္ခသည်ဘ၀ကို ပြန်ပြောင်းသွားတာပေါ့။ ဒါကြောင့် အခက်အခဲတော့ရှိပါတယ်။ ပြည်သူလူထု အနေနဲ့လည်း ကူညီပံ့ပိုးဖို့ စိတ်ဆန္ဒရှိလို့ရှိရင်လည်း ကူညီပံ့ပိုးလို့ရပါတယ်။ကျနော်တို့ KIO အနေနဲ့လည်း အတက်နိုင်ဆုံးတော့ ပြည်သူလူထုတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေလည်းဆောင်ရွက်နေပါတယ်။ CSOတို့အခြားတော့ ပြည်သူလူထုတွေလည်း ကူညီဖို့ဆန္ဒရှိလို့ရှိရင်လည်း ကူညီပေးလို့ရပါတယ်ဆိုတာ ပြောချင်ပါတယ်။

မေး။ ။ ရေကြီးတဲ့ ရုပ်သံမှတ်တမ်းမှာ တွေ့ရတာ လမ်းတံတားတွေလည်း ပျက်စီးသွားတာ​တွေ့ပါတယ်။ လမ်း၊တံတားပျက်စီးမှုအခြေအနေတွေကိုလည်း ပြောပြပေးပါလား။

ဖြေ။ ။ တံတားတွေကျိုးသွားတာတွေ၊တံတားတွေပိတ်သွားတာတွေရှိပါတယ်။ လမ်းတွေ ပဲ့သွားတာတွေအများကြီးရှိပါတယ်။ ကျနော်တို့ ကားတွေဆိုင်ကယ်တွေတောင်သွားလို့မရတဲ့ စစ်ရှောင်စခန်းတွေလည်း ပါပါတယ်။ ဒါပေမဲ့ အတက်နိုင်ဆုံးကျနော်တို့ကြိုးစားပြီးမှ သွားဖြစ်အောင် ဆောင်ရွက်နေပါတယ်။တချို့တံတားတွေကိုတော့ ပြန်ပြီး သန့်ရှင်းရေးလုပ်ပြီး သွားလာလို့ရတာတော့ ရှိပါတယ်။ နောက် လျှပ်စစ်မီးတွေလည်း မီးတိုင်တွေ ကျိုးပြီး မီးကြိုးတွေဘာတွေ ပျက်စီးသွားတာ ပေါ့။ အဲဒါကြောင့် မီးကလည်း အခက်အခဲရှိပါတယ်။ သုံးလေးရက်လောက်တော့ ကြမယ် မီးတွေ ပြန်ပြုပြင်ဖို့အတွက်လည်း အများကြီးတော့ မကြာပါဘူး။

မေး။ ။ရေဘေးက လူဦးရေဘယ်လောက်ကိုသက်​ရောက်ခဲ့တယ်ဆိုတာသိလို့ရပါသလား။

ဖြေ။ ။အခုစာရင်းကောက်နေတုန်းပဲဖြစ်ပါတယ်။ ခုနပြောသလို ဆက်သွယ်လို့မရဘူး။ မီးမရတဲ့အခါကျတော့ဖုန်းအဆက်အသွယ်လည်းအခက်အခဲရှိတယ်။နောက်ကားလမ်းတွေလည်းမပေါက်တော့ ခြေလျင်နဲ့ သွားပြီး စာရင်းဇယားတွေကောက်တဲ့အနေအထားဖြစ်ပါတယ်။

မေး။ ။ထိခိုက်ပျက်စီး ဆုံးရှုံးမှု ပိုများနိုင်တာပေါ့။

ဖြေ။ ။ ဟုတ်တယ် မှန်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ထိ တိုးမလဲတော့ မသိသေးပါဘူး။

People’s Spring ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။