ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF-KKG အနေဖြင့် အမျိူးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းထူထောင်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့နှင့်ပူးတွဲ၍ အကြမ်းဖက်စစ်ကောင်စီအားခုခံတိုက်ခိုက်မှုပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်သည်။
CDF-KKG သည် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ပြည်သူ့ လက်ဝယ်ပြန်လည်ထားရှိရေး၊ အရပ်သားအုပ်ချုပ်ကွပ်ကဲမှု(Civilian Supremacy) ဖော်ဆောင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည် ဆောက်ရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြထားသည်။
ထို့အပြင် CDF-KKG သည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ လမ်းညွှန်မှုကို ခံယူ၍ ချင်းအမျိုးသားတပ်မတော် (CNA)၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဒေသအသီးသီးရှိ CDF တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲ၀င်သွားမည်အသိပေးထားသည်။
ချင်းပြည်သူ့ကာကွယ်ရေးဗဟိုတပ်(CDF) အနေဖြင့် ကလေး-ကဘော်-ဂန့်ဂေါဒေသအတွင်းရှိ တော်လှန်ရေးရဲဘော်ရဲဘက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် Chinland Defense Force-Kalay Kabaw Gangaw (CDF-KKG) ကို ပြီးခဲ့သည့်ဇူလိုင် ၁ရက်တွင် ဖွဲ့စည်းခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement
