ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ယနေ့တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိကြောင်း ကန်ပက်လက်မြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား သည်။
ကန်ပက်လက်မြို့နယ်တွင် CDFနှင့် စစ်ကောင်စီတပ်တို့သည် စက်တင်ဘာ ၁၄ရက်ကစ၍ တိုက်ပွဲစတင်ခဲ့ပြီး ယနေ့အပါအဝင် သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။
“စစ်ကြောင်းထိုးလာတဲ့အဖွဲ့နဲ့ တိုက်ပွဲဖြစ်တာပါ။ ကန်ပက်လက်မြို့နယ်ထဲမှာပဲ။ ဒါပေမဲ့ ရှေ့တန်းသွားတဲ့သူတွေရဲ့ တောင်းဆိုမှုအရ ကျွန်တော်တို့က နေရာဒေသကို ပြောလို့မရသေးဘူးပေါ့။လက်ရှိ အခြေအနေက သူတို့က မြို့နယ်အတွင်းကို သုံးလေးနေရာ ခွဲပြီး စစ်ကြောင်းတွေထိုးလာတာ တယ် ပြီးတော့ အင်အားဖြည့်တာတွေလုပ်လာတဲ့အခါကျတော့ စစ်ကြောင်းထိုးလာတဲ့ဟာမျိုဆိုရင် ကျွန်တော်တို့က လမ်းကနေ ခံပစ်ရတာပေါ့” ဟု ကန်ပက်လက် CDF ပြောရေးဆိုခွင့်ရှိသူက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။
ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသော်လည် အရေအတွက်ကို အသေး စိတ်မသိရသေးဟုဆိုသည်။

Public Service Announcement
ကန်ပက်လက်တွင် စက်တင်ဘာ ၁၄ရက်က ဖြစ်သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး စက်တင်ဘာ ၁၅ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့ကြောင်း CDFက ထုတ်ပြန်ထားသည်။
တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်၍ ပြည်သူလူထုများလုံခြုံရေးသတိပြုရန်နှင့် မလိုအပ်ဘဲ အပြင်မထွက်ရန်၊ ခရီးသွားလာခြင်းမပြုရန် CDFက အသိပေးထားသည်။


















































