မကွေးတိုင်း ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်ချောင်းကောက်ဆည် တာပေါင်ကျိုး၍ လူနေအိမ်လေးဆယ်ခန့် ရွှေ့ပြောင်းထားရကြောင်း ဒေသခံများက ပြော သည်။
ရေစကြိုမြို့နယ်တွင် စက်တင်ဘာလ ၁၆ ရက်ညမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်)နံနက် ၃ နာရီခွဲခန့်တွင် မိုးကြီးမှုကြောင့် ဆားလင်းကုန်းကျေးရွာအုပ်စု၊ အညာတောကျေးရွာရှိ ချောင်းကောက်ဆည် တာပေါင် အလျား ပေ ၃၀ အနံ ၁၅ ပေခန့် ကျိုးပေါက်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။
အညာတောကျေးရွာရှိ လူနေ တဲအိမ်များအတွင်း ရေများဝင်ရောက်လာ၍ တဲအလုံးလေးဆယ်ကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး အိမ်ထောင်စုလေးဆယ် မှ လူဦးရေ နှစ်ရာခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။
“လူနေအိမ်တွေတော့ မထိခိုက်ဘူး။ လူသေဆုံးတာလည်း မရှိပါဘူး။”ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

Public Service Announcement
ထို့အပြင် ရေစကြိုမြို့နယ် ဆင်ချောင်းရွာအနီးပခုက္ကူ-ရေစကြိုကားလမ်းမ မိုင်တိုင်အမှတ် (၁၆/၃)နှင့် (၁၆/၄)ကြားတွင် ဆင်ချောင်းဆည်ရေလွဲမှ ဆည်ရေလွတ်၍ရေများနေသောကြောင့် ယာဥ်များလည်း သွားလာရခက်ခဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိူင်ငံအလယ်ပိုင်းဒေသများတွင် ရက်ဆက် မိုးသာ်းထန်စွာရွာသွန်းသဖြင့် ရေကြီး ၊ရေလျှံမှုများဖြစ်ပေါ်နေသည်။























































