စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေရသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား မကြာမီကျရှုံးတော့မည့် အာဏာလုစစ်ကောင်စီလက်အောက်မှထွက်ခွာ၍ ပြည်သူ့ရင်ခွင်ခိုလှုံရန် ဖိတ်ခေါ်ထားသည်။
ဝက်လက်မြို့နယ်အတွင်းတာဝန်ထမ်းဆောင်နေသာတပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မကြာမီ ကျရှုံးတော့မည့် စစ်ကောင်စီလက်အောက်မှ အချိန်မီထွက်ခွာနိုင်မှသာ လုံခြုံသောဘဝ၊ သံသယကင်းသောဘဝ၊ အနာဂတ်ရှိသောဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သောကြောင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံရောက်ရှိရန် ဖိတ်ခေါ်ကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက် အဖွဲ့က စက်တင်ဘာလ ၂၅ ရက်တွင် အသိပေးကြေညာသည်။
ခိုလှုံရောက်ရှိလာသော CDM မိသားစုဝင်များ၏ လုံခြုံ ရေး၊ စားဝတ်နေရေးအဝဝကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ဝက်လက်မြို့နယ်အတွင်း ပြည်သူ့ရင်ခွင် ခိုလှုံချင်သော ပြည်သူ့စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်-ဝက်လက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ message box သို့ ဆက်သွယ်နိုင်ကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က အသိပေးသည်။
အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့က ပြည်သူ့အစိုးရကို အကြမ်းဖက် ဖမ်းဆီးပြီး နိုင်ငံတော်အား အဓမ္မသိမ်းယူခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ယနေ့အချိန်အထိ ပြည်သူ့လစာစားပြီး ပြည်သူလူထုအား လူမဆန်စွာ သတ်ဖြတ်နေသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ နေ့စဥ်ကြားသိနေရကြောင်း၊ ကုလသမဂ္ဂအပါအဝင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကန့်ကွက်ရှုတ်ချနေသော် လည်း အကြမ်းဖက်စစ်ကောင်စီသည် လူမဆန်စွာ အမိန့်ပေးစေခိုင်းနေပြီး ပြည်သူလူထုအပေါ် ယုတ်မာလျက်ရှိကြောင်း၊အဆိုပါအဖြစ်အပျက်များအား ပြည်သူကိုချစ်သော၊ အမှန်တရားကို မြတ်နိုးသော၊ ဓမ္မကိုလိုလားသော၊ ပြည်သူ့တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား ပြည်သူ့ရင်ခွင်သို့ ခိုလှုံပါရန် မေတ္တာဖြင့် ဖိတ်ခေါ်လိုက်ပါကြောင်း ဖိတ်ခေါ်ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

Public Service Announcement


















































