အာဏာသိမ်းစစ်ကောင်စီက သတင်းသမားများအား ဖမ်းဆီးခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်းသတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် တိုင်းရင်းသား သတင်းမီဒီယာ ရေးရာကိစ္စရပ်များ ဆောင်ရွက်နေသည့် Burma News International(BNI)က ယနေ့ထုတ်ပြန်သည်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့ချိန်မှစ၍ ၇လကျော်အတွင်း ဖမ်းဆီးအရေးယူခံခဲ့ရသည့် သတင်းမီဒီယာသမားပေါင်း ၁၀၀ ကျော်ရှိပြီး ယင်းအနက်မှ ၄၇ဦးမှာ လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲဖြစ်သည်ဟု ဖော်ပြထားသည်။
ဩဂုတ်လ နှောင်းပိုင်းနှင့် စက်တင်ဘာလအစောပိုင်းတွင်လည်း သတင်းထောက်များကို ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ မီဒီယာသမားများကို ခိုင်မာသည့် အကြောင်းပြ ချက်မရှိဘဲ ဖမ်းဆီးအရေးယူနေမှုများသည် မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းထောက်များ၏ လုံခြုံရေးကို ကြီးမားစွာ ထိခိုက်စေသည့်အတွက် စစ်ကောင်စီ၏ ထိုလုပ်ရပ်များကို BNIက ပြင်းထန်စွာ ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နိုင်ငံတစ်ဝှမ်း အဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများကို အကျဉ်းထောင်များနှင့် စစ်ကြောရေး ဌာနများတွင် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ညှင်းပမ်းနှိပ်စက်မှုများ မပြုလုပ်ရန် တောင်းဆိုသည်။

Public Service Announcement
သတင်းမီဒီယာသမားများအပေါ် ပြစ်မှုအမျိုးမျိုးတပ်၍ ၀ရမ်းများ ထုတ်ပြန်ထားခြင်းကို ရုတ်သိမ်းပေးရန်နှင့် သတင်းထုတ်လုပ်ခွင့်လိုင်စင် ရုပ်သိမ်းခံထားရသည့် သတင်းဌာနများကို သတင်းထုတ်လုပ်မှု ပြန်လည်ခွင့်ပြုရန်လည်း BNI၏ တောင်းဆိုချက်၌ ဖော်ပြထားသည်။
ထို့ပြင် လွတ်လပ်စွာ သတင်းရယူ၊ ရေးသားဖော်ပြခွင့်နှင့် သတင်းအချက်အလက် သိရှိရယူခွင့်ကို လေးစားလိုက်နာရန် BNIက တောင်းဆိုသည်။
ဩဂုတ်နှင့် စက်တင်ဘာလအတွင်းမှစ၍ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အတွင်းရှိ မြို့နယ် ၂၅မြို့နယ်တွင် အင်တာနက်ဆက်သွယ်မှုများကို ဖြတ်တောက်ထားခြင်းမှာ ထိုဒေများရှိ ပြည်သူများ၏ သတင်းအချက်အလက် ရရှိပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေခြင်းဖြစ်သည်ဟု ယူဆကြောင်းလည်း ဖော်ပြထားသည်။


















































