ဒေါ်လာဈေး အဆမတန်ဖြစ်တက်လာခြင်းကြောင့် လည်ပတ်ရန် ခက်ခဲလာ၍ လုပ်ငန်းအများစု ရပ်နားထားရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။
ရပ်နားထားရသည့် လုပ်ငန်းများတွင် အီလက်ထရောနစ်၊ ဆောက်လုပ်ရေးပစ္စည်း၊ ကုန်ထုတ်လုပ်မူ လုပ်ငန်းများနှင့် သွင်းကုန်လုပ်ငန်းများဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
“စျေးများများရောင်းရလေများများရှုံးလေပါပဲ။ ဒီနေ့၁၀၀၀နဲ့ရောင်းလိုက်ရင် မနက်ဖြန် ၁၁၀၀နဲ့ဝယ်နေရပါတယ် ။အမြတ်ဆိုပြီးဖယ်ထားဖို့မရှိပါဘူး အိတ်စိုက်တောင်ဝယ်နေရပါတယ်”ဟု လက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင်လည်း ဒေါ်လာစျေး အတက်အကျမငြိမ်၍ စီးပွားရေးလုပ်ငန်းကိုင်ရန် မလွယ်ကူတော့ဟု သွင်းကုန်လုပ်ငန်ရှင်တစ်ဦးက ပြောသည်။ လက်ရှိတွင် မရှိမဖြစ်ကုန်ပစ္စည်းအနည်းငယ်မှအပ ကျန်ပစ္စည်းများကို တင်သွင်းရောင်းချမူ ရပ်တန့်ထားသည်ဟု ၎င်းကဆိုသည်။
စက်တင်ဘာ၂၇ ရက်တွင် တစ်ဒေါ်လာကို ၂,၇၀၀ကျပ်အထိပေါက်ဈေးရှိခဲ့သည်။ အောက်တိုဘာ ၂ ရက်တွင် တစ်ဒေါ်လာကို ကျပ် ၂,၅၀၀ ပေါက်ဈေးရှိသည်ဟု ငွေလဲကောင်တာများက သတ်မှတ်ထားသည်။
သို့သော်လည်း လက်ရှိတွင် ဒေါ်လာဝယ်ယူရန် အခက် အခဲများရှိနေသည်ဟု လုပ်ငန်းရှင်များကဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများသည် ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် ဈေးမြင့်တက်လျှက်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းအားလုံးနီးပါးရပ်တန့်နေရသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အီလက်ထရောနစ်ပစ္စည်းများလည်း တင်သွင်းရောင်းရန် ဒေါ်လာဈေးအခက်အခဲဖြစ်နေ၍ အရောင်းပိတ်ထားရသည်ဟု ရန်ကုန်အခြေစိုက်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် လုပ်ငန်းလည်ပတ်ရန်အခက်အခဲဖြစ်လာပြီး လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားရသည်ဟု ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ဆီဈေး၊ဒေါ်လာဈေးနဲ့က အခုချိန်မှာ လုပ်ငန်းရပ်ထားတာ အကောင်းဆုံးဖြစ်မယ်ထင်လို့ပါ”ဟု အစားအ သောက်ထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြော သည်။
အောက်တိုဘာ ၂ရက်တွင် ရန်ကုန်မြို့၌ ဒီဇယ်တစ်လီတာ ၁,၅၅၀ကျပ် ခန့်နှင့် ဓာတ်ဆီ 92 တစ်လီတာကို ၁,၆၀၀ ကျပ်ခန့် မြင့်လာသည်။အခြားမြို့များတွင် ဓာတ်ဆီ 92 တစ်လီတာကို ကျပ် ၂,၀၀၀ ကျော်ရှိလာပြီဖြစ်သည်။
ထိုသို့ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ဆိုင်အများစုမှာ ပိတ်သိမ်းထားရသည်ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၈လအတွင်း အထည်ချုပ် စက်ရုံ ၁၈၀ခန့် ပိတ်သိမ်းသွားခဲ့သည်။ လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် ဆက်လက်ပိတ်သိမ်းရန် အမြောက်အမြားရှိနေဆဲဖြစ်သည်ဟု လုပ်ငန်းရှင်များကဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေသည် စီးပွားရေးမူဝါဒဖြင့် ဖြေရှင်း၍ မရနိုင်တော့ နိုင်ငံရေးအပြောင်းအလဲတစ်ခုဖြစ်မှသာ ပြန်လည်ထိန်းသိမ်းနိုင်တော့မည်ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။
အာရှဖွံဖြိုးရေးဘဏ်(ADB)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမူသည် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမူသည် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟုဆိုထားသည်။