မကွေးတိုင်း ပေါက်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာသည့်အပေါ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့၍ ၄ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ ၃၀ ခန့်သေဆုံးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များနှင့်နီးစပ်သောပေါက်ဒေသခံအချို့က ပြောသည်။
“အဓိကတော့ ဒီဘက်က ဆွဲမိုင်းတွေနဲ့ တိုက်တာ ဆိုတော့ သူတို့ (စစ်ကောင်စီတပ်တွေ) လည်း ရှေ့ဆက်မတိုးရဲဘူးလို့တေ့ာ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။
စက်တင်ဘာ ၃၀ရက်က စတင်ခဲ့သည့် တိုက်ပွဲ ၄ရက်အတွင်း စစ်ကောင်စီတပ်က ခန့်မှန်းခြေ ၃၀ဦးခန့် သေဆုံးသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီဘက်(ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်)က ဒဏ်ရာရတဲ့သူတွေပဲရှိတယ်တဲ့ အသက်ဆုံးတဲ့ သူတွေတော့ အခုထိတော့ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်အနေဖြင့် ယခင်ကလည်း ပေါက်မြို့နယ် ကင်းမရွာနှင့်အနီးတ၀ိုက်ဒေသများကို ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ရာ ဒေသခံများက ခုခံတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားခဲ့သည်။
ယခု တစ်ကြိမ်တွင်လည်း စစ်ကောင်စီတပ်နှင့် ဒေသခံ ပျူစောထီး တို့ ပူးပေါင်းပြီး အင်အား ၁၀၀ ခန့်ဖြင့် တောနင်း၍ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။
“အရင်တုန်းကလို လမ်းကြောင်းအတိုင်းမလာဘဲနဲ့ လမ်းဘေးဝဲယာကနေ ခြေလျင်တွေလာကြတယ်ပြောတယ်။ ဂန့်ဂေါဘက် ဆောဘက်မှာလည်း အဲဒီပုံစံ ၊ ချင်းတောင်ဘက်မှာလည်း အဲဒီပုံစံပဲ။ ဆွဲမိုင်းတွေ ကို သူတို့ ခံရတဲ့အခါကျတော့ တပ်ဖြန့်ပြီး ခြေလျင်ဆင်းတဲ့သဘော။ ဒါပေမဲ့ သူတို့ လာမယ့်လမ်းကြောင်း လာလောက်တဲ့နေရာတွေကိုလည်း မိုင်းတွေထောင်တယ်လို့ ပြောတယ်။” ဟု ဒေသခံက ပြောသည်။
ပေါက်ဒေသ ဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ယနေ့ စစ်ရေးသတင်း ထုတ်ပြန်ချက်တွင်လည်းထည့်သွင်းဖော်ပြခဲ့ရာ ပေါက်နယ် တောင်ပိုင်း၌ SPGF နှင့် စစ်ကောင်စီတပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲမှာ ၃ရက်ခန့် ကြာနေပြီဟု ပါရှိသည်။
နှစ်ဖက်ရင်ဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများသည် အိုင့်ကြယ်ရွာမှ စစ်ဘေးရှောင် ပြည်သူ ၇ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်ဟုလည်း ဖော်ပြထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အကျအဆုံးများသော်လည်း တိုက်ပွဲဆက်ဖြစ်နေ၍ အရေအတွက် အတိအကျ မသိရသေးဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ကောင်စီတပ်အနေဖြင့် ယခု အောက်တိုဘာ ဒုတိယ ပတ်မှစ၍ မကွေးတိုင်းကို အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းရန် စီမံချက် ချမှတ်ဆောင်ရွက်မည်ဟု သတင်းများ ကြားရကြောင်း ဒေသခံက ပြောသည်။
“အဲဒီလိုမှ သူတို့ အင်အား အပြည့်အ၀ သုံးပြီး ရှင်းလာတယ်ဆိုရင်တော့ လွတ်တဲ့နေရာကိုပဲ ထပ်ပြီး ရွှေ့ရမယ့် အနေအထားပေါ့” ဟု ပေါက်ဒေသခံက ပြောသည်။


















































