အကြမ်းဖက်စစ်ကောင်စီကို အပြုတ်တိုက်ရန် ခုခံတွန်းလှန်နေကြသည့်ဒေသများအနက် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဆုံရာ ဧရာဝတီနှင့် ချင်းတွင်းထိတွေ့ရာရေစကြို၊ မြောင်၊ မြင်းခြံဒေသများသည်စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုကို မကြာခဏ ခံရသည့်ဒေသများဖြစ်သည်။
အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီက ထိုးစစ်ဆင်မည်ဟု သတင်းများပျံ့လွှင့်လာမှုကြောင့် မူလကတည်းက တိုက်ပွဲများပြင်းထန်လေ့ရှိသော အဆိုပါဒေသများသည် ခုခံစစ်အတွက် အသင့်ပြင်ဆင်ထားခဲ့ကြသည်။

နယ်နိမိတ်ချင်းထိဆက်နေပြီး ယခင်ကတည်းက စစ်ဆင်ရေးများအတူလက်တွဲခဲ့ကြသည့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDFများသည် အောက်တိုဘာလ ၉ ရက်တွင်လည်း မဟာမိတ်ဖွဲ့ကာ စစ်ကောင်စီကို တော်လှန်ရန် စီစဥ်ကြသည်။
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ မြောင်မြို့နယ်၊ မြင်းမူမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်၊
မကွေးတိုင်း ရေစကြိုမြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ တလုပ်နယ်၊ အစရှိသည့်နယ်ဒေသများမှ မြောင်မြိုနယ်များရှိ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့များဖြစ်သော-CDSOM ၊ Myaung Special People’s Defense Force – MSPDF ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces ၊ PDF – တလုပ် ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ၊ PDF ရေစကြို ၊ချောင်းဦး-PDF ၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(SGG) နှင့်မုံရွာ(PDF) – MPDF စသည့်အဖွဲ့၁၀ ဖွဲ့က
မဟာမိတ်ဖွဲ့ကာ အသီးသီးတာဝန် ခွဲဝေယူကာတိုက်ခိုက်ခဲ့ကြသည်။

Public Service Announcement
မဟာမိတ်တို့၏ စစ်ဆင်ရေးကိုအောက်တိုဘာ၉ ရက် နေရောင်ပင်မရသေးသည့် နံနက် ၅ နာရီတွင် ဝီရိယရှိစွာ စတင်ခဲ့သည်။
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသည့် ကျောက်ရစ်စခန်းဆီသို့ RPG-7 ဖြင့် စတင်ပစ်ခတ်ခဲ့ပြီး ရဲစခန်းတည့်တည့်ထိမှန်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မက သေဆုံးနိုင်သည်ဟုမြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ခန့်မှန်းသည်။
ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သားများ အလူးအလဲခံနေရချိန် အဆိုပါမြောင်နယ်သို့ ချောင်းဦးဘက်မှ စစ်ကားတစ်စီးလျှင် အင်အား ၂၀ ခန့်ပါသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကား နှစ်စီး စစ်ကူလာသည်။ သို့သော် စစ်ကူလာသည့် ကား နှစ်စီးသည် လမ်းမှာတင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၃၅ ဦးမက သေဆုံးနိုင်ကြောင်း ဒေသတွင်း PDFတို့က ပြောသည်။
ထို့အပြင် နံနက် ၁၀ နာရီခွဲခန့်တွင်လည်း မြောင်နယ်ကျောက်တန်းကျေးရွာမှ သီရိဇေယျာကျေးရွာဘက်သို့ဆင်းလာသည့် စစ်ကောင်စီတပ်သားတစ်ရာခန့်ပါသည့် စစ်ကားများကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။ သို့သော် စစ်ကောင်စီ ထိ့ခိုက်ဒဏ်ရာရရှိမှု အလြေအနေကိုမသိရသေးကြောင်း ဒေသတွင်းPDFတို့ကပြောသည်။
အလားတူ ပရိမ္မကျေးရွာ-ကျောက်ရစ်ကျေးရွာ-မြောင်မြို့သို့သွားရာကားလမ်းတွင်လည်း စစ်ကားတစ်စီးမိုင်းထိခဲ့ပြီး အကျအဆုံးမသိရသေးကြောင်း ဒေသတွင်း PDFများက ပြောပါသည်။
မြောင်တွင်စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံနေရချိန် ရေစကြိုနယ်ဘက်မှ မြောင်မြို့နယ်သို့ ရိက္ခာများတင်ဆောင်လာသည့်စစ်ကားတစ်စီးမှာလည်း တစ်အိအိချီတက်လာပြန်ရာ မြောင်နယ်မရောက်မီပင် ရေစကြို PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြန်သည်။ ရိက္ခာပို့ကားပျက်စီးသွားပြီး အသေအပျောက်စာရင်းကိုမူမသိရသေးကြောင်း ဒေသတွင်း PDF တို့က ပြောသည်။
မဟာမိတ်အဖွဲ့ဝင်များ မြောင်မြို့နယ်တွင် တိုက်ပွဲဝင်နေစဥ် စစ်ကိုင်းတိုင်းအစွန်က
တစ်ချိန်လုံးငြိမ်သက်တိတ်ဆိတ်နေခဲ့
သည့် စစ်ကိုင်းမြို့ပေါ်တွင်အောက်တိုဘာ ၉ ရက်ညက ဗုံးခွဲအုန်းအုန်းဒိုင်းဒိုင်းအသံများ ထွက်ပေါ်လာခဲ့သည်။
စစ်ကိုင်းမြို့ပေါ်နှင့် ပဒူတိုက်နယ်ရဲစခန်း၊ မြို့နယ်တရားရုံး၊ ရတနာပုံတံတားစစ်ဆေးရေးဂိတ် စသော စစ်ကောင်စီတပ်နှင့် ယန္တရားများ အခြေစိုက်သောနေရာ ၁၀ ခုထက်မနည်းတွင်စစ်ကိုင်း PDFက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအား တိုက်ခိုက်နေရချိန် ကျွန်စိတ်ပေါက်နေသောသူအချို့ကိုလည်း ဒေသတွင်း PDFများက တာဝန်ယူရပြန်သည်။မြောင်မြို့နယ် သနပ်ကုန်းကျေးရွာတွင် နာမည်ကြီး စစ်ကောင်စီသတင်းပေးပျူစောထီးခေါင်းဆောင် အမျိုးသားတစ်ဦးအား တိုက်ပွဲများကြားမှာပင် ရှင်းလင်းသုတ်သင်ခဲ့သည်။
ထို့အပြင် မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာတွင် စစ်ကောင်စီတပ်စွဲနေချိန် ပြည်သူများ၏ တန်ဖိုးကြီးပစ္စည်းများ ခိုးယူနေသောအဖွဲ့ထဲမှ ၂ ဦးကို ဖမ်းဆီးကာ ရှင်းလင်းခဲ့ပြီး ကျန်သူများကိုလည်း ပြည်သူ့ဆန္ဒအတိုင်း ဆောင်ရွက်မည်ဟု အသိပေးထားသည်။
ဧရာချင်းတွင်းတော်လှန်ရေး မဟာမိတ်ဆယ်ဖွဲ့၏ အောက်တိုဘာလ ၉ ရက်နေ့ စာရင်းချုပ်အရ စစ်ကောင်စီတပ်သား (၅၀)ကျော်ခန့်၊ ပျုစောထီးအဖွဲ့ဝင်တစ်ဦးနှင့်သူခိုး (၂) ဦးအား ရှင်းလင်းနိုင်ခဲ့ကြောင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဝင်များက ထုတ်ပြန်သည်။
မြောင်နယ် အောက်တိုဘာ ၉ရက်တိုက်ပွဲတွင် ဒေသတွင်း PDF ပြည်သူ့ရဲဘော် တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခြင်း၊ကျဆုံးခြင်းမရှိကြောင်း မဟာမိတ်အဖွဲ့များက ပြည်သူသို့အသိပေးခဲ့သည်။
“ဒီနေ့တိုက်ပွဲကို အားရကျေနပ်ပါတယ်။မဟာမိတ်ချိတ်ဆက်မှုများထိထိရောက်ရောက်ရှိခဲ့အတွက် ပိုပြီးအလုပ်ဖြစ်မြောက်စေခဲ့ပါတယ် ။ အမှန်က ကျွန်တော်တို့ တိုက်ခိုက်မှုနဲ့ ဖောက်ခွဲရေးမှာ စစ်ခွေးတွေ ဒီလောက်ထိ အများကြီးသေမယ်လို မမျှော်လင့်ခဲ့ဘူး ။ ကား(၂) စီး ကို ဂျွမ်းထိုးမှောက်ခုံအထိဖြစ်တယ် အကျဆုံးလည်းများတော့ ကျေနပ်ပါတယ်။ ၂/၁၀/၂၀၂၁ က မြောင်နယ်က CDSOM ရဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ် အဲ့တာအတွက် မြောင်နယ်က PDF တစ်ယောက်သေသွာကျဆုံးတိုင်း စစ်ခွေး၁၀ဆသေအောင်ပြန်ပြန်လုပ်မယ်ဗျ။ ဆက်ပြီးလည်းခြေမှုန်းသွားပါမယ် ။ညီနော်မဟာမိတ်များနှင့်လည်း အတွဲညီညီအာဏာရူးစစ်ကောင်စီကို တိုက်ခိုက်သွားပါမယ်။မီဒီယာများအနေနဲ့ CDSOM & MSPDF မှ ထုတ်ပြန်ချက် ပြောကြားချက်မဟုတ်ပဲ တိုက်ပွဲအကြောင်း နှင့် သတင်းမရေးပေးဖို့တောင်းဆိုချင်ပါတယ်” ဟုမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဓါတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက အကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။


















































