စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ လေသာရွာကို စစ်ကောင်စီတပ်က ယနေ့(အောက်တိုဘာ ၁၁ရက်)နံနက် အစောပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဒေသခံအချို့သေဆုံးထိခိုက်မှုရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် လေသာရွာနှင့်မိုင်ဝက်ခန့်ကွာသည့် အလယ်တောရွာသို့ ဝင်ရောက်စီးနင်းပြီးနောက် ယနေ့နံနက်တွင် လေသာရွာသို့ ဝင်ရောက်ရာ ဒေသခံများက ပြန်လည်ခုခံခဲ့၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟုဆိုသည်။
“ ဖြစ်စဉ်က မနက်ကဝင်တာ သူတို့က သတင်းမရလိုက်တာနဲ့ တူပါတယ်။ သတင်းမရလိုက်တော့ သူတို့ကလည်း ရှောင်မထားဘူးနဲ့တူတယ် အဲဒါ ရွာထဲမှာ အပြန်အလှန်ချကုန်ကြတာနဲ့တူတယ်။ အဲဒါကြောင့် အထိနာသွားတာ။ သူတို့ ပြင်ဆင်ချိန်ရတယ် အလယ်တောကနေ ဝင်သွားတာ။ အလယ်တောကနေမှ လေသာကိုသွားရတာ။ ဝေး တော့မဝေးဘူး မိုင်ဝက်လောက်ပဲရှိတယ်။ ဒါပေမဲ့ အစောင့်မထားဘူးနဲ့တူတယ် အစောင့်မထားတာလား၊ စောင့်တဲ့ သူက သတင်းမပို့တာလားပဲ။ အချိန်က တကယ့်အချိန် မနက်အစောလို့ပြောတယ်”ဟု ဒေသခံက ပြောသည်။
Mandalay Free Press ၏ သတင်းဖော်ပြချက်အရ စစ်ကောင်စီ၏ စီးနင်းပစ်ခတ်မှုကြောင့် အရပ်သားနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ဦး ကျဆုံးသည်ဟု ဆိုသည်။

Public Service Announcement
“ ဖြစ်လောက်တယ် အဲဒါအနည်းဆုံးဖြစ်လိမ့်မယ်။ သူ့ထက်ပိုချင်လည်းပိုမှာ” ဟု ဒေသခံက ပြောသည်။
ထီးချိုင့်မြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ရဲစခန်းများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အားသုံးစီးနင်းတိုက်ခိုက်လာခြင်းဖြစ်သည်။


















































