လေယာဥ် Pitot Tube ထဲ သစ်ရွက်တွေထည့်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီဖမ်းဆီးတာခံခဲ့ရတဲ့ လေယာဥ်အင်ဂျင်နီယာ ကိုမင်းမင်းစိုးဟာ အင်းစိန်ထောင်ထဲမှာ သေဆုံးသွားပြီဖြစ်တယ်လို့ ဖခင်ကအတည်ပြုပါတယ်။
ကိုမင်းမင်းစိုးရဲ့ ရုပ်အလောင်းကို ရေဝေးသုဿန်မှာ ဒီကနေ့ညနေ ၃ နာရီမှာ သင်္ဂြိုဟ်မယ်လို့ ကိုမင်းမင်းစိုးရဲ့ ဖခင်က ဦးစိုးပိုင်က ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက် ညပိုင်းက သေဆုံးခဲ့တာဖြစ်ပြီး မိသားစုတွေ ၁၈ ရက်မနက်မှာ အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လေကြောင်းတက္ကသိုလ် အပတ်စဥ် ၅ ဆင်း ကိုမင်းမင်းစိုး အခုလိုမတရားစွပ်စွဲဖမ်းဆီးခံရခြင်းအတွက် မိသားစုနဲ့ထပ်တူဝမ်နည်းကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။
Air KBZ လေကြောင်းလိုင်းလေယာဥ် Pitot Tube ထဲ သစ်ရွက်တွေထည့်ပြီးလေယာဥ်ပျက်ကျအောင်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုမင်းမင်းစိုးက စက်တင်ဘာ ၁၁ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
“ကုမ္ပဏီရဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိလို့ ဝန်ထမ်းတွေ၊ မိသားစုဝင်တွေ စိတ်ဒုက္ခခံစားရတာ” လို့ ဖခင်ဖြစ်သူ ဦးပိုင်းစိုးက ပြောကြားထားပါတယ်။