မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကင်းရွာမှ ဒေသခံ ပြည်သူသုံးဦးကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(အောက်တိုဘာ၂၇)နံနက်ပိုင်းတွင် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ကင်းရွာကို အောက်တိုဘာ၂၄ရက်ကတည်းက လာရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း ၊ ယနေ့မနက်တွင် အဆိုပါရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာပြီး ကိုအောင်သူမိုး၊ ကိုထွန်းထွန်းနှင့် အခြား အမျိုးသား တစ်ဦးတို့ကို ဖမ်းဆီးသွားသည်ဟု ၎င်းက ဆိုသည်။
“အဲဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဒေသခံတွေက ကြီးလန့်စာစား ဖြစ်နေတယ်” ဟု ဒေသခံက ပြောသည်။
အောက်တိုဘာ ၂၄ရက်က တပ်စွဲထားသည့် စစ်ကောင်စီတပ်ကမူ ကျေးရွာ၌ ဆက်ရှိနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

Public Service Announcement
“သူတို့ရှိနေတဲ့အတွက် ပတ်ဝန်းကျင်ကျေးရွာမှာရှိနေတဲ့ လူတွေအကုန်လုံးက တောလည်း မထွက်နိုင်သလို အလုပ်လည်း ကောင်းကောင်းမလုပ်နိုင်ဘူး”ဟု ဒေသခံက ပြောသည်။
ဒေသခံ သုံးဦးကို မည်သည့်အတွက်ကြောင့်ဖမ်းဆီး သည်ဆိုသည်ကို မသိရသေးကြောင်း၊ စစ်ကောင်စီတပ်အနေဖြင့်ယခင်ကလည်း ကင်းရွာသို့ အကြိမ်ကြိမ် ဝင်ရောက်ပြီး ပြည်သူလူထုအား ဖမ်းဆီးဒုက္ခပေးခြင်းများရှိခဲ့ကြောင်း ဒေသခံက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၆ရက်ကလည်း မတ္တရာမြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများနှင့် တောတောင်များသို့ ဝင်ရောက်စီးနင်းပြီး တောထဲ၌ တိမ်းရှောင်နေသည့် ပြည်သူအချို့ကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံက ဆိုသည်။















































