ချင်းပြည်နယ် မင်းတပ်- မတူပီ လမ်းတွင် ယနေ့ တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးခဲ့ပြီး
CDF ဘက်မှ အသက် ၇၃ နှစ်အရွယ် တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ်ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)က သတင်းထုတ် ပြန်သည်။
မတူပီမှ ပြန်ဆင်းလာသည့် သံချပ်ကာကား ၂စီး အပါအဝင် စစ်ကား ၇၅စီးကို မင်းတပ် – မတူပီ လမ်းကြား တစ်နေရာတွင် နိုဝင်ဘာ ၃ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၁၀ဦး ခန့် ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း၊ CDFဘက်မှတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲ၌ ကျဆုံးခဲ့သည့် CDF ရဲဘော်မှာ အသက် ၇၃နှစ်အရွယ်ရှိ ပညာရေးဝန်ထမ်း အငြိမ်းစား တစ်ဦးဖြစ်သည်ဟုဆိုသည်။ အာဇာနည်အဖိုးသည် တော်လှန်ရေးအတွက်လိုအပ်သော ခဲ၊ယမ်းများကိုလည်း ကြိုးစားလုပ်ဆောင်ပေးနေခဲ့သူ အားကိုးရသော ရဲဘော်ကြီးဖြစ်သည်ဟု မင်းတပ်-CDF ကထုတ်ပြန်ထားသည်။

Public Service Announcement
” အသက် ၇၃ နှစ်အဖိုးကြီးတောင် တိုက်ပွဲဝင်အသက်ပေးပြီးအာဏာရှင်ကို တော်လှန်နေတဲ့ချိန်မှာ မိမိတို့ပြည်သူအားလုံးတော်လှန်ရေးသွေးမအေးကြဖို့ လိုအပ်ပါပြီ။ မြန်မာပြည်သူတိုင်း မိမိတတ်နိင်တဲ့ဘက်ကနေ တော်လှန်ရေးအတွက်မဖြစ်မနေ ပါဝင်နေပေးကြပါလို့။တို့ပြည်သူတွေ ညီနေရင်ဒီစစ်အာဏာရှင်တွေ မကြာပါဘူး” ဟုမင်းတပ်-
CDFကတိုက်တွန်းသည်။
အောက်တိုဘာ ၃၀ရက်ကလည်း မတူပီ- ပလက်၀ လမ်း တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို မတူပီ CDFက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
