မွန်ပြည်နယ် ပေါင်မြို့နယ် မုကျိကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ရထားလမ်းပေါ်မှာရှိတဲ့ တံတားတစ်ခုကို မနေ့ညပိုင်းက KNLA တပ်မဟာ ၁ နဲ့ ပူးပေါင်းပြီး ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်မြို့နယ်ဒေသခံတပ်ဖွဲ့ Special Force Paung က သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန် – မော်လမြိုင်ရထားလမ်းကို စစ်လက်နက် ရိက္ခာတွေ သယ်ယူပြီး စစ်ရေးအတွက် အသုံးပြုနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ နဲ့ ပူးပေါင်းပြီး အခုလိုတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ညက ပေါက်ကွဲသံကြားရတယ်။ ပေါက်ကွဲသံက ကျယ်တယ်။ ရထားပြေးဆွဲလို့ မရလောက်တဲ့အထိ ပျက်စီးသွားတာတော့မဟုတ်ဘူးပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီလို ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရထားလမ်းတံတားမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြားဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဝေးရာမှာ နေပေးကြဖို့ Special Force Paung သတင်းနဲ့ပြန်ကြားရေးအဖွဲ့က အသိပေးထားတာ ဖြစ်ပါတယ်။

Public Service Announcement
လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မီးရထားဝန်းထမ်းတွေ လာရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။


















































