မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် စနစ်တကျကျယ်ပြန့်စွာတိုက်ခိုက်နေတယ်လို့ ကုလ သမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား အကြီးအကဲက မနေ့က(နိုဝင်ဘာ ၅ ရက်)ထုတ်ဖော်ပြောကြားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်ခံရရှိထားတဲ့သက်သေအချက်အလက်ပေါင်း ၂ သိန်းကျော်ကို စတင်စစ် ဆေးနေပြီး ကနဦးတွေ့ရှိချက်တွေကို သတင်းထောက်တွေကို ရှင်းလင်းအသိပေးရာမှာ ထုတ် ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့လေ့လာပြီးတဲ့အဖြစ်အပျက်တွေ၊ စုစည်းထားတဲ့ကနဦးတွေ့ရှိချက်တွေအရ (စစ်တပ်ဟာ)အရပ်သားပြည်သူတွေအပေါ် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ မြောက်တဲ့ ကျယ်ပြန့်စွာ စနစ်တကျတိုက်ခိုက်ခဲ့တာကို အခုသိရှိနေပါပြီ” ဟု IIMM အကြီးအကဲ Mr. Koumjian က ပြောပါတယ်။
အာဏာသိမ်းမှုနဲ့ပတ်သက်လို့ IIMM ကို လုပ်ပိုင်ခွင့်တာဝန်ပေးအပ်မထားတာကြောင့် စိန်ခေါ်မှု တွေရှိပေမယ့် အခုလိုကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ၊အဖြစ်အပျက်တွေကို စုဆောင်းစိစစ်နေတယ်လို့ Mr. Koumjian က ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် သတင်းသမားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နိုင်ငံရေးဆိုင်ရာပြိုင်ဘက်တွေကဲ့သို့သော သီးခြားအုပ်စုတွေဟာ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း မလျော်ညီဘဲ ပစ်မှတ်ထား ဖမ်းဆီး ထိန်းသိမ်းခံနေရတယ်လို့လည်း IIMM အကြီးအကဲက ပြောပါတယ်။


















































