ချင်းပြည်နယ် မတူပီ – ပလက်၀လမ်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၁၆ဦးထပ်မံ သေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မတူပီချင်းကာ ကွယ်ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။
မတူပီဘက်မှ ပလက်၀ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို မတူပီ CDF က ခုခံတိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၃၀ရက်တွင် တိုက်ပွဲဖြစ်ခဲ့သည်။ ထိုစဉ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ခန့်သေဆုံးပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မတူပီ CDFက ဆိုသည်။
ယခု နိုဝင်ဘာ ၃ရက်နှင့် ၅ရက်များတွင်လည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိကြောင်း ဖော်ပြခဲ့ပြီး CDF မှ ထိခိုက်မှုရှိမရှိကိုမူ ဖော်ပြမထားပေ။
အကြမ်းဖက် စစ်ကောင်စီတပ်များသည် မတူပီ-ပလက်၀ လမ်းပေါ်ရှိ တွီရှစ်၊ ၀လံပီ၊ ကလား၊ ၀လံတဲ ၊ လေဆင်း၊ ထယ်ဘွေး၊ ဗန်ကိုင်း ရွာများသို့ ဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ မွေးမြူထားသော အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ် စားသောက်ခြင်း၊ ဆိုလာနှင့် စာသင်ကျောင်းများ ဖျက်စီးခြင်း၊ လူနေရွာအတွင်း လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်ပစ်ခတ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု မတူပီ CDFက ထုတ်ပြန်သည်။

Public Service Announcement
စစ်ကောင်စီတပ်၏ အဆိုပါ လုပ်ရပ်များကောင့် ဒေသခံ ပြည်သူ ၁,၀၀၀ကျော် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ဖော်ပြထားသည်။


















































