ကယားပြည်နယ် ဖယ်ခုံမြို့မှ ဒေသခံပြည်သူ အမျိုးသားငါးဦးကို အာဏာသိမ်းစစ်ကောင်စီကဖမ်းဆီးသွားကြောင်းဖယ်ခုံ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်၏ဖမ်းဆီးခံရသူငါးဦးစလုံးမှာ ဖယ်ခုံမြို့ တိုးချဲ့ရပ်ကွက်မှ ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ညပိုင်းက အဓမ္မ ဖမ်းဆီးသွားခြင်းဖြစ်ကာ အကြောင်းအရင်းကို မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
“အများစု က လူငယ်တွေပဲ။ရပ်ကွက်နေသူတွေ ပြောအရ ဆို တစ်ယောက်ကဖုန်းထဲကPDFတွေနဲ့တွဲရိုက်ထားသောပုံကြောင့်တဲ့။နောက် ကျန်တဲ့ကလေးတချို့ကိုလည်းစစ်ပြောက်ကျားဝတ်စုံကို မတရားအတင်းဝတ်ခိုင်းပြီဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ဒေသခံပြည်သူလူထုအား စစ်တပ်၏အဓမ္မဖမ်းဆီးမှုများသည်တိုက်ပွဲအတွင်းလူသားဒိုင်းကာပြုလုပ်ရန်အတွက် ဖြစ်နိုင်ကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDFတာဝန်ရှိသူတစ်ဦးကသုံးသပ်သည်။

Public Service Announcement
“ဒီစကစရဲ့ယုတ်မာမှုတွေက အတိုင်းအထက် အလွန်ပဲ။ ပြောစရာစကားမရှိလောက်အောင်ကို ယုတ်မာတယ်။တွေ့ရာ အမျိုးသားဖမ်းတယ်။ပြီးရင် PDF လို့ ခေါင်းစဥ်တပ် တယ်။သတ်တယ်။ဒါမှမဟုတ် လူသားဒိုင်းကာအဖြစ်သုံးတယ်”ဟု ၎င်းကပြောသည်။
အောက်တိုဘာလအတွင်းက စစ်ကောင်စီ၏ ဓားစာခံအဖြစ်ဖမ်းဆီးခံခဲ့ရသော ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသား ၁၉ ဦး မိသားစုနှင့်အ ဆက်အသွယ်ပြတ်နေသေးကြောင်းသိရသည်။
“သူတို့သတင်းအစအန ဘာမှမကြားဘူး။သူတို့(စစ်တပ်)ဆီ
က သိမ်းဆည်းထားတဲ့သေနတ်ပြန်ပေး။ဒါဆို ဒီလူတွေကိုပြန်လွှတ်ပေးမယ်ပြောထားတာရှိတယ်။နောက်ထပ်တော့ ဘာမှထပ်ပြောတာမျိုး မရှိဘူး”ဟုPDF(ဖယ်ခုံ)တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များက ဖယ်ခုံမြို့အတွင် အထိုင်ချနေပြီး ယနေ့(နိုဝင်ဘာ ၉ ရက်)တွင် နေ့လည်ပိုင်းအထိ ထိုးစစ်ဆင်မှုမရှိသေးသောကြောင့် တိုက်ပွဲများခေတ္တ ငြိမ်သက်လျက်ရှိသည်။နိုဝင်ဘာ ၂ ရက်ကစ၍ဖယ်ခုံဒေသတွင်စစ်ကောင်စီ၏ထိုးစစ်ကြောင့် ဒေသခံတစ်သောင်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်ရှောင်နေရဆဲဖြစ်သည်။
(ဖမ်းဆီးခံရသော ပြည်သူငါးဦး)






















































