အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၆ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း NUCC က ထုတ်ပြန်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ အပါအဝင်
စစ်အာဏာရှင်ဖြုတ်ချရေး ကြိုးပမ်းဆောင်ရွက်နေသည့် အင်အားစုများဖြင့် စုဖွဲ့ထားသည့် NUCC အနေဖြင့် အနာဂတ်တွင် ဖယ်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု နိုင်ငံတည်ဆောက်နိုင်ရေးဆိုင်ရာ အရေးကြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အများပြည်သူသို့ အသိပေးသွားမည်ဖြစ်သည်ဟုသိ့ရသည်။
သတင်းစာရှင်းလင်းပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် ဒေါက်တာတေဇာဆန်း၊KNU မှ ဖဒိုစောတော်နီ၊ချင်းပြည်နယ်ကိုယ်စားပြုICNCC မှ ဒေါက်တာလျံမှုန်း
ဆာခေါင်း၊ကရင်နီပြည်ကိုယ်စားပြု KSCCမှဦးအောင်ဆန်းမြင့် ၊ မြန်မာအလုပ်သမားမိတ်ဖက်အဖွဲ့မှ ဦးနန္ဒစစ်အောင်၊မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှဦးခန့်ဝေဖြိုး၊
အမျိုးသမီးအရပ်ဘက်အဖွဲ့ဖြစ်သော WLB မှ လွေးပိုးငယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ ဦးလွင်ကိုလတ်၊ အထွေထွေသပိတ်ကော်မတီမှ ဦးမိုးသူ တို့ ပါဝင်တက်ရောက် ရှင်းလင်းမည်ဖြစ်သည်။
NUCCသည် လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ နွေဦးတော်လှန်ရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တို့တွင် နိုင်ငံရေးအရ ဦးဆောင်မှု ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Public Service Announcement
