ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သက်သေအဖြစ် ထွက်ဆိုပေး ဖို့ ဆန္ဒရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဒီအမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ သြဂုတ်လထဲ နေပြည်တော် က NLD ထောက်ခံသူတွေနေထိုင်ရာကို သွားရောက်တဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ကို ပါတီဝင်ဟောင်းက ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မ ၂၅ နဲ့ တရားစွဲတဲ့အမှုဖြစ်ပါတယ်။
အဲဒီခရီးစဉ်မှာ ဒေါက်တာဇော်မြင့်မောင်လည်းလိုက်ပါတာဖြစ်တဲ့အတွက် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ထွက်ဆိုနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က တရားရုံးကိုတင်ပြထားတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် တရားရုံးက ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် နေပြည်တော်ကို သက်သေလာထွက်ဆိုဖို့ ခရီးသွားဖို့မသင့်တဲ့အကြောင်း စစ်ကောင်စီကျန်းမာရေးအရာရှိရဲ့ဆေးစစ်ချက်ကို ပြီးခဲ့တဲ့ ရုံးချိန်းက ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကို ပြသခဲ့ပါတယ်။

Public Service Announcement
ဒါပေမယ့် ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးကောင်းမွန်ပြီးခရီးသွားလို့လည်းရကြောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ရှေ့နေအဖွဲ့ဆီကသိရတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက ဒီနေ့ တရားရုံးကို တင်ပြခဲ့ပါတယ်။
ဒါကြောင့်သက်သေအဖြစ်လာထွက်နိုင်ဖို့ ဆင့်ခေါ်လွှာ ထပ်ပို့ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက ဒီနေ့ရုံးချိန်းမှာ တရားရုံးကိုထပ်မံတင်ပြတယ်လို့သိရပါတယ်။
ဒီဆင့်ခေါ်လွှာ ပေးပို့တာနဲ့ပတ်သက်လို့ ဒီဇင်တာ ၆ ရက်ရုံးချိန်းကျမှပဲ အမိန့်ချမယ်လို့ တရားသူကြီးက ပြောခဲ့ပါတယ်။
တကယ်တော့ ဒေါက်တာဇော်မြင့်မောင် သက်သေလာထွက်ဆိုမယ့်အမှုကို လာမယ့် ဒီဇင်ဘာလ ၆ ရက်မှာ အမိန့်ချဖို့ရှိခဲ့တာပါ။ ဒါကြောင့် ဒီအမှုဟာလည်း အမိန့်ချမယ့် ရက်နောက်ရွှေ့သွားမယ့်အနေအထားရှိနေပါတယ်။
ဒီနေ့မှာဆိုလည်း ဆူပူအောင်လှုံဆော်မှုနဲ့ သမ္မတဦးဝင်းမြင့် ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ဦးကိုအမိန့်ချဖို့သတ်မှတ်ထားပေမယ့် တရားရုံးက ဒီဇင်ဘာ ၆ ရက်ကို ရက်ရွေ့လိုက်ပါတယ်။
အဲဒီအမှုဟာ ဖေဖော်ဝါရီလအတွင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက် ၂ စောင်ကိုအကြောင်းပြုပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီက ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်တွေမှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ၂ စောင်ထုတ်ပြန်ရာမှာ အာဏာသိမ်းစစ်ကောင်စီနဲ့မဆက်ဆံဖို့ ၊ စစ်ကောင်စီထုတ်ပြန်တဲ့ ဥပဒေ ၊အမိန့် ညွှန်ကြားချက်တွေဟာ တရားမဝင်တဲ့အကြောင်း သံတမန်တွေ ၊ သံရုံးတွေ ၊နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းတဲ့အချက်တွေပါဝင်ပါတယ်။
ဖမ်းဆီး ထိန်းသိမ်းခံရချိန်မှာ ထွက်လာတဲ့ဒီကြေညာချက်တွေနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်း ၃ ဦးလုံးက တရားခွင်မှာချေပထားပါတယ်။
ဥပဒေအသိုင်းအဝိုင်းကလည်း ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ပတ်သက်မှုမရှိဘဲ စစ်ကောင်စီက လုပ်ကြံဖန်တီးတဲ့အမှုသာဖြစ်တယ်လို့သုံးသပ်ထားကြပါတယ်။
အဲဒီအမှုဟာလည်း ရွေးကောက်ပွဲ မဲဆွယ်ယာဉ်တန်း ကို ထွက်နှုတ်ဆက်တဲ့အတွက် ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ စစ်ကောင်စီက တရားစွဲတာပါ။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ် ချလို့ရအောင် ပုဒ်မ ၁၁ ခုနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။
အဲဒီပုဒ်မတွေအရ နှစ် ၈၀ လောက်ချဖို့ရည်ရွယ်ထားတာတွေ့ရပါတယ်။
သမ္မတ ဦးဝင်းမြင့်ကိုတော့ ဆူပူအောင်လှုံဆော်မှု ၊ ကိုဗစ်စည်းကမ်းချို့ဖောက်မှုတွေနဲ့ စွဲဆိုထားပါတယ်။


















































