စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ် မီးရှို့ဖျက်ဆီးနေကြောင်းဒေသခံသတင်းရင်းများက ပြောသည်။
ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက မြစ်သာမြစ်အရှေ့ဘက်၊ အိမ်ခြေ(၁၇၀)ကျော်ရှိသည့် ရှားတောရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့သည်။
“စစ်ခွေး ၇၀ ကျော်လောက်ပါတယ်။ နေအိမ်ခြောက်လုံးကို မီးရှို့သွားတယ်။ဒေသခံတွေကတော့ ထွက်ပြေးနေကြရတာပေါ့”ဟု ကလေးမြို့အခြေစိုက် လူမှုကူညီရေး အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁ ရက်ကလည်း ကလေးမြို့ တောင်ပိုင်းရှိ လယ်ခြားကျေးရွာမှ နေအိမ်ရှစ်လုံးမီးရှို့ခံထားရသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလေးမြို့နယ် မြစ်သာမြစ်အရှေ့ဘက်ကမ်း ကျေးရွာများကို ဝင်ရောက် မွှေနှောက်ဖျက်ဆီးနေပြီး ကျေးရွာ ၁၀ရွာမှ ပြည်သူ တစ်သောင်းခန့်သည် ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေရကြောင်း ကလေးPDFကလည်း ထုတ်ပြန်ထားသည်။

ကလေးမြို့ တောင်းပိုင်းရှိ ဒေသခံများထွက်ပြေးနေရသည့် ကျေးရွာများမှာ တင်သား၊ကျောက်ဖူး၊ဒိုးနွယ်၊ အရှေ့စည်း၊အင်းကျွန်း၊ ရေရှင်၊ ကုက္ကိုလ်၊လယ်ခြား၊ ရှားတောနှင့် နွားကျေးရွာများမှ ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် နိုဝင်ဘာ ၂၇ ရက်ဝန်းကျင်ကစ၍ ကလေးမြို့နယ်တောင်ပိုင်းနှင့် မြစ်သာမြစ်အရှေ့ဖက်ကျေးရွာများသို့ စစ်ကြောင်းများခွဲ၍ ဝင်ရောက်လာခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ရေရှင်ကျေးရွာမှ နေအိမ် ၁၅ လုံးခန့်၊ နိုဝင်ဘာ ၃၀ ရက်တွင် နွားတောင်ပေါ်ရှိ တောတိုက်အိမ် ၁၀လုံးခန့်နှင့် ယနေ့ (ဒီဇင်ဘာလ ၁ ရက်)တွင် လယ်ခြားကျေးရွာမှ နေအိမ်ရှစ်လုံးခန့်ကို မီးရှို့ဖျက်စီးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး)က အသိပေးထားသည်။
ကလေးဒေသသို့ ဝင်ရောက်လာသည့်အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းများတွင် တပ်မ (၂၂)တံဆိပ်တပ်ဆင်ထားသည့် တပ်ဖွဲ့များပါဝင်နေသည်ဟု ဒေသခံများက ပြောသည်။


















































