Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီအတွင်းရှိ တပ်ဗိုလ်၊ တပ်မှူးများ ပြည်သူနှင့် ပူးပေါင်းပါဝင်ရန် KNU တောင်းဆို

လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် KNU က သက်ဆိုင်သူများအား ရည်ညွှန်းသည့် တောင်းဆိုချက်များ ဖော်ပြခဲ့ရာ စစ်ကောင်စီတပ်ဗိုလ်၊တပ်မှူးများကို အထပ်ပါအတိုင်း တောင်းဆိုခဲ့ ခြင်းဖြစ်သည်။

‐ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ခြင်းကသာ စစ်ချုပ်ငြိမ်းရေးအဖြေဟုဆို

စစ်ကောင်စီအတွင်းရှိ တပ်ဗိုလ် တပ်မှူးများအနေ ဖြင့် ကျရှုံးသည့် နိုင်ငံအဖြစ်သို့ရောက်ရှိနေသော မိမိတို့၏ နိုင်ငံအား ပြန်လည်ကယ်ဆယ်သည့်အနေဖြင့် ပြည်သူလူထုဘက်တွင် ပူးပေါင်းပါဝင်သွားရန် တောင်းဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က လေးကေ့ကော်မြို့သစ်ပေါ် တပ်အင်အား အလွန်အကျွံအသုံးပြု တိုက်ခိုက်မှုနှင့် ပတ်သက်သည့် ကြေညာချက်ကို KNUက ယနေ့ ထုတ်ပြန်ခဲ့သည်။

လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် KNU က သက်ဆိုင်သူများအား ရည်ညွှန်းသည့် တောင်းဆိုချက်များ ဖော်ပြခဲ့ရာ စစ်ကောင်စီတပ်ဗိုလ်၊တပ်မှူးများကို အထပ်ပါအတိုင်း တောင်းဆိုခဲ့ ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီဘက်မှာ ပါဝင်တဲ့ တပ်သားတွေက ကျွန်တော်တို့ နိုင်ငံသားတွေပဲလေ။ အဲဒါကြောင့်မို့လို့ ပြောရမယ်ဆိုရင် လူသားချင်း စာနာထောက်ထားမှု အနေနဲ့အဲဒီရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ဒါမဖြစ်သင့်တဲ့ဟာတွေ ဘယ်သူပဲ သေသေ ကျွန်တော်တို့ပဲ အကုန်လုံးနာတယ်။ အဲဒါကြောင့် ဒီလိုမဖြစ်ရအောင်ဆိုပြီးတော့ ကျွန်တော်တို့က တစ်တိုင်းတစ်ပြည်လုံးကနေ ခါးခါးသီးသီး လက်မခံနိုင်တဲ့ အနေအထား ဖြစ်နေတဲ့ အချိန်မှာ အမြင်မှန်ရပြီးတော့ ပြည်သူလူထုနဲ့ ပူးပေါင်းမယ်ဆိုရင် ဒါအချိန်အခါ အကောင်းဆုံး အခွင့်သင့်တဲ့အချိန်ဖြစ်တယ်ဆိုတာ ထောက်ပြတာဖြစ်ပါတယ်”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြော သည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် ကျဆင်းနေသည့် ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းသည့် အနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား တိုက်ပွဲဖြစ်ပွားရာ အဆိုပါဒေသများမှ ပြန်လည်ရုတ်သိမ်းသွားရန် ကိုလည်း KNUက တောင်းဆိုသည်။

စစ်ကောင်စီသည် ဆိုးဝါးပြင်းထန်သော လူသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်လာစေမည့် လေကြောင်း တိုက်ခိုက်မှုများအား လေးကေ့ကော်ဒေသတွင် အချိန်မရွေး ပြုလုပ်လာနိုင်သည့် အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ ဦးစီးလျှက် အရေးပေါ် အစည်းအဝေးများကျင်းပပြီး လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် အဖြစ်သတ်မှတ်ပေးရန်လည်း တောင်းဆိုခဲ့ထားသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရနေဖြင့်လည်း တိုက်ပွဲမှ ထွက်ပြေးတိမ်းရှောင်နေသူများအား နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဝင်ရောက်တွေ့ဆုံခွင့်နှင့် လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်ရေးအတွက် ကူညီပံ့ပိုးမှုများ စီစဉ်ဆောင်ရွက်ပေးရန် KNUက တောင်းဆိုခဲ့သည်။

စစ်ကောင်စီ၏ စစ်တပ်က အနာဂတ် နိုင်ငံရေးတွင် ပါဝင်စွက်ဖက်မှုများမှ ဆုတ်ခွာကြောင်း ကတိပေး လုပ်ဆောင်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုကို ထူထောင်ခြင်းသည်သာလျင် နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီး ပိုမိုပြင်းထန်လာနေသည့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၏ အဖြေသာ ဖြစ် ကြောင်း KNU က ထုတ်ပြန်တောင်းဆိုခဲ့သည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၄ရက်တွင် KNU နယ်မြေ လေးကေ့ကော်ဒေသသို့ အင်အားအလုံး အရင်း ဖြင့် ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီ၏ အကြမ်းဖက်ရန်မှ တိမ်းရှောင်လာသည့် နိုင်ငံရေး သမားများ၊ အကြမ်းမဖက် ဆန့်ကျင်သူများ၊ တက်ကြွလှုပ်ရှားသူများကို အဓမ္မဖမ်းဆီးခဲ့ရာ ဒီဇင်ဘာ ၁၅ရက်မှစ၍ KNUနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား လေးကေ့ကော်ဒေသ၌ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။ တိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထိုင်းနိုင်ငံဘက်ခြမ်းနှင့် ပြည်တွင်းတောတောင်များဆီသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။