စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ဝင်း အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာလ ၂၂ရက်နေ့ ) ညနေ ၃ နာရီခန့်က စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းကို PDF မဟာမိတ် ၇ဖွဲ့က အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကြောင်း အဆိုပါ PDF တပ်ဖွဲ့များက အသိပေးသည်။
ယင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် Ninja(ဘုတလင်)၊ လျှပ်စီး(ဘုတလင်)၊ ဒုံးပျံ(ဘုတလင်)၊ Three Tiger (ဘုတလင်)၊ ယမ်းဘီးလူး(ဘုတလင်)နှင့် လှော်တက်အင် အားစု (126)(အရာတော်)၊ Zero Fighter (ဒီပဲယင်း)စသည့် PDF မဟာ မိတ် (၇)ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများတင်ဆက်နေသည့် Regional News Agency က ဖော်ပြသည်။
တပ်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီးနောက်မုံရွာ-ရေဦးကားလမ်းများကို ပိတ်ပင်တားဆီးစစ်ဆေးခဲ့ကြောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ယမ်းငွေ့များထခဲ့ကြောင်းဒေသခံအချို့က ပြောသည်။

Public Service Announcement
မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို အရှိန်မြှင့်တိုက်ခိုက်တော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် မလိုအပ်လျှင်အပြင်မထွက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်များက ယခင်အပါတ်က မေတ္တာရပ်ခံထားသည်။


















































