ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၃၅ ဦးကိုဖမ်းဆီးပြီးမီးရှို့သတ်ဖြတ်ခံရသူများထဲတွင် နိုင်ငံတကာအစိုးရမဟုတ်သောကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် Save The Children မှ ဝန်ထမ်းနှင့် Save The Children ပိုင်ကားတစ်စီး ပါဝင်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က သတင်းထုတ်ပြန်သည်။
“INGO တို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကရော ဘာလုပ်မှာလဲ မေးခွန်းထုတ်လိုက်ပါတယ်” ဟုလည်း PKPFကယနေ့ညနေတွင် သတင်းထုတ်ပြန်မေးခွန်းထုတ်ထားသည်။
Save The Children သည်ကမ္ဘာတစ်ဝန်းမှကလေးငယ်များကိုအဓိထားကူညီပေးနေသော နိုင်ငံတကာအဖွဲ့ဖြစ်ပြီး နိုင်ငံပေါင်း ၁၂၀ ကျော်တွင် ရုံးခွဲများဖွင့်လှစ်၍ ကလေးသူငယ်များအရေး ဆောင်ရွက်ပေးနေသည်။ ယခုသတင်းနှင့်ပတ်သပ်၍ မြန်မာနိုင်ငံအခြေစိုက် Save The Children Myanmar Facebook စာမျက်နှာတွင် ယခုအချိန်( ဒီဇင်ဘာ ၂၅ ညနေ ၆ နာရီခွဲ )ထိ့ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။
အကြမ်းဖက်စစ်ကောင်စီတပ်က ရက်ရက်စက်စက် သတ်ဖြတ်ခံရသူ ၃၅ ဦးတွင် ကလေးငယ်အချို့ပင်ပါဝင်နေကြောင်း သိ့ရသည်။

Public Service Announcement
ဒီဇင်ဘာ ၂၄ရက်က ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားရာအနီးတ၀ိုက်ရှိပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ကရင်နီနယ်ခြားစောင့်တပ်ဖွဲ့(BGF) ရဲဘော် ၄ဦးက ပြန်လွှတ်ပေးရန် ညှိနှိုင်းသော်လည်း ညှိနှိုင်းသူအဆိုပါ ရဲဘော်လေးဦးကို ကြိုးတုပ်ပြီး ဦးခေါင်းများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်က ပြည်သူ ၃၅ဦးကို ကားများနှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။
စစ်ကောင်စီမီးရှို့သတ်ဖြတ်၍ သေဆုံးသူများထဲ၌ INGO ဝန်ထမ်းအချို့ ပါဝင်ကြောင်း ကြားရ၍ အတည်ပြုနိုင်ရေးဆက်လက် လုပ်ဆောင်နေသည်ဟု KNDFပြောရေးဆိုခွင့်ရှိသူ ကပြောကြားသည်။
“ဒါက ရွာသားတွေကနေတစ်ဆင့်တက်လာတဲ့သတင်း။ ကျွန်တော်တို့ကတော့ တကယ်တန်းလိုက်ပြီး လုပ်နေတဲ့သူကတော့ ဒါ တကယ်ဟုတ်လား မဟုတ်လားဆိုတဲ့ဟာကတော့ အတည်မပြုနိုင်သေးဘူး။ ဒါပေမဲ့ ရွာသားတွေလူထုတွေနားကနေ တက်လာတဲ့ သတင်းပေါ့” ဟု ၎င်း ကဆက်ပြောသည်။
သတ်ဖြတ်ခံရသူများ၏ အမည်နှင့် နေရပ်တို့ကို မြေပြင်ရွာခံများ၊ မိသားစုဝင်များနှင့် ချိတ်ဆက်ပြီး အတည်ပြုနိင်ရေး ကြိုးစားနေဆဲဖြစ်ကြောင်း၎င်းကရှင်းပြသည်။
“ တချို့တော့ နည်းနည်းတော့ သိရပြီ။ တချို့တွေကအတည်ပြုဖို့လိုသေးတယ်။ တချို့က အဆက်အသွယ်မရဘူး ပဲ သိရသေးတယ်။ အခုက နည်းနည်းခက်နေတယ် ။ အတည်ပြုဖို့ ကြိုးစားနေကြတုန်းပဲ” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယနေ့တွင်လည်း အဆိုပါဒေသတစ်၀ိုက်တွင် မနက်ပိုင်းမှစ၍ ညပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ၎င်းကပြောသည်။



















































