ပျောက်ဆုံးနေသည့် ရဲဘော်သုံးဦးပြန်တွေ့
အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့(ဒီဇင်ဘာ ၃၁ ရက်)တွင် နေရာ လေးခု၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက လူထုနွေဦးသို့ ပြောသည်။
“မိုင်းတွေ မိတာက နှစ်ဖက်ညှပ်ပြီးထောင်ထားတဲ့မိုင်းတွေမိတာ။ တော်တော်လေး သေလောက်တယ်”ဟု ဗိုလ်နဂါးက ပြောသည်။
ယနေ့ နံနက် ၈နာရီခန့်က လက်ပုကန်ကျေးရွာ အနေက်မြောက်ဘက် သဲတောမကွင်းအတွင်း၌ စစ်ကောင်စီတပ်မှအင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် သည်။

Public Service Announcement
နေ့လည်ပိုင်းတွင် ဦးနှောက်ကျေးရွာအတွင်း၌ လည်း ကောင်း၊ မွန်းလွဲပိုင်းတွင် သပြေကုန်းရွာအနီး စစ်ယဉ်တန်းအား လည်းကောင်း တိုခိုက်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ယနေ့ညနေပိုင်းတွင်လည်း လက်ပုကန်ရွာအနီးတွင် စစ်ကောင်စီတပ်ယဉ်တန်းကို ထပ်မံ တိုက်ခိုက်ခဲံ့ကြောင်း ဖော်ပြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ရက်ကလည်း ပုလဲမြို့နယ်အတွင်း ဝင်ရောက်ပြီး နောက်ကြောင်း ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများကို ပုလဲ PDFက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၃ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေသည့် ရဲဘော်သုံးဦးမှာလည်း ယနေ့ ကောင်းမွန်စွာဖြင့် ပြန်တွေ့ရှိခဲ့ကြောင်း ဗိုလ်နဂါးက ပြောသည်။


















































