Connect with us

Hi, what are you looking for?

LuduNwayOo

News

ငွေတောင်ဆည်အနီးတိုက်ပွဲစစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများရှိ ၊ လွိုင်​ကော် PDF မှတပ်သားနှစ်ဦးကျဆုံး

တိုက်ပွဲသည် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ကျဆုံးမှုများ ရှိခဲ့သည်ကို မြေပြင်ရဲဘော်များမှ မျက်မြင်အတည်ပြုနိုင်ခဲ့သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်ကြောင်း ဖော်ပြထားသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီး၌ ယမန်နေ့က ဖြစ်ခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှု ရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်မှ ၂ဦး ကျဆုံးခဲ့ကြောင်း လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ သတင်းထုတ်ပြန်သည်။

လွိုင်ကော် ၊ ဒီးမော့ဆို၊ ဖယ်ခုံ မြို့နယ်များမှ PDF တပ်ဖွဲ့ဝင်များ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ KGZ စသည့် လက်နက်ကိုင် ပူးပေါင်း အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၂ရက်က တစ်နေကုန် တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲသည် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ကျဆုံးမှုများ ရှိခဲ့သည်ကို မြေပြင်ရဲဘော်များမှ မျက်မြင်အတည်ပြုနိုင်ခဲ့သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲတွင် လွိုင်ကော် PDF မှ ရဲဘော် ကြာဦး (ခ) ပေါလူ နှင့် KA မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ သူရဲကောင်းရဲဘော် ၂ဦးကို အလေးပြု ဦးညွှတ်ကြောင်း လွိုင်ကော် PDFက ထုတ်ပြန်သည်။

လွိုင်ကော် PDF မှ ရဲဘော် (၂) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပြီးခဲ့သည့် ၃ရက် အတွင်း ဒီးမော့ဆို၊ ငွေတောင်ဆည် အနီး တိုက်ပွဲများ၌ လွိုင်ကော် PDFမှ ဒဏ်ရာရရှိသူ၁၂ဦး ရှိကြောင်း၊ ဒဏ်ရာရ ရဲဘော် (၁၂) ဦးလုံးမှာ အသက်ဘေးမှ လွတ်ကင်းကာ ဆေးကုသမှု ကို ကောင်းမွန်စွာ ခံယူလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲ၌ အခြား ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်ကောင်စီတပ်ကမူ သေဆုံးထိခိုက်မှု ပိုများခဲ့၍ လေကြောင်း နှင့် လက်နက်ကြီးပစ်ကူ ရယူတိုက်ခိုက်ခဲ့ခြင်းပင်ရှိသည်ဟုဆိုသည်။