အကြမ်းဖက်စစ်ကောင်စီမှ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း နန်းမယ်ခုံနှင့် ဖရူဆိုမြို့နယ် ရီခီးဘူရွာရှိ စစ်ရှောင်စခန်းအား လေယာဉ်ဖြင့်ဗုံးကြဲပစ်ခတ်မှုနှင့်ပတ်သက်၍ အမှုဖွင့်လှစ်ထားပြီး သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ကာ အဓိကတာဝန်ရှိသူအား စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဟု ကရင်နီပြည်ရဲဌာန(KSP)က ယနေ့ ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၆ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း နန်းမယ်ခုံ ဒေသသို့လည်းကောင်း၊ ဇန်နဝါရီ၁၇ ရက် နံနက်အစောပိုင်းတွင် ဖရူဆိုမြို့နယ် ရီခီကူးရွာရှိ စစ်ရှောင်စခန်း တစ်ခုအားလည်းကောင်း လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အပေါ် KSPက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နန်းမယ်ခုံ ဒေသတွင် ပရဟိတလုပ်ငန်း၌ ပါဝင်ဆောင်ရွက်နေသော အသက် ၁၄နှစ်၊ အသက် ၁၆နှစ်နှင့် အသက် ၁၇နှစ်အရွယ်ရှိ လူငယ် ၃ဦး သေဆုံးခဲ့ရပြီး စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၂နှစ်အရွယ်အပါအဝင် အမျိုးသမီးငယ် ၂ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်ဟုဆိုသည်။
လေကြောင်း တိုက်ခိုက်မှုခံရသည့် စစ်ရှောင်စခန်းသည် ဒီဇင်ဘာ ၂၄ရက်က စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့မှု ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည့် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာမှ ပြောင်း ရွှေ့လာသော စစ်ရှောင်များ နေထိုင်ရာ စခန်းဖြစ်သည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီတပ်က အဆိုပါ မိုဆိုရွာမှ ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးပြီးကားပေါ်တင်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကရင်နီအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

Public Service Announcement


















































