ကရင်နီ(ကယား)ပြည်နယ် တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပါဝင်သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၆ဦးသေဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။
ယခုလ ပထမပတ်အတွင်း ဖေဖော်ဝါရီ ၄ရက်နှင့် ၇ရက်နေ့တို့တွင် တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။
လွိုင်ကော် ကယန်းသာယာကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၄ရက် နံနက်က စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ မိနစ် ၃၀ခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ၌ ထိခိုက်ကျဆုံးမှုများကို အတည်မပြုနိုင်ကြောင်း ဖော်ပြသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့နယ်၊ ထီရီကျေးရွာတောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ နှင့် KNDFတို့မှ တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ၇ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့သည်ဟုဆိုသည်။

Public Service Announcement
လွိုင်ကော်မြို့နယ်၊ လင်ဖုံလင်းလမ်းခွဲတွင်လည်း ယမန်နေ့ ဖေဖော်ဝါရီ ၇ရက်က အကြမ်းဖက်စစ်ကောင်စီတပ်များကို KA ၊ KNDFနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့မှ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ဃသည်။
အဆိုပါ တိုက်ပွဲများ၌ တော်လှန်ရေးတပ်ဖွဲ့များဘက်က ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့ပြီး ကျဆုံးသူမရှိဟု ဆိုသည်။


















































