▪️စစ်ကောင်စီတပ်မှ ခြောက်ဦးထိခိုက်ဟုဆို
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များကြား ၂နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF-KKGက ယနေ့(ဖေဖော်ဝါရီ ၂၃) ထုတ်ပြန်သည်။
ယနေ့နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါဝင်သော အင်အား ၇၀ခန့်သည် ကလေးမြို့နယ် မှန်တောကျေးရွာဘက် စစ်ကြောင်းထိုးလာစဥ် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်များသည် ယခင်အသုံးပြုနေကျ ပြည်ထောင်စုလမ်းအတိုင်းမလာဘဲ တောလမ်းအသုံးပြုလာရောက်ခဲ့ရာ ဒေသကာကွယ်ရေးတပ်များနှင့် ၂နာရီကြာတိုက်ပွဲဖြစ်ပွားပြီး ပူးပေါင်းတပ်ဖွဲ့များ မိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
ထို့ကြောင့် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ခြောက်ဦးထိခိုက်ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း PDF – KKGက အသိပေးထားသည်။
ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ တိုက်ပွဲဖြစ်ပွားရာ ဘေးပတ်ဝန်းကျင်နေရာအနှံ့ နယ်မြေရှင်းလင်းရေးများလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်)ကလည်း၊ ဂန့်ဂေါနှင့် ပျားရွာအကြားရှိ စစ်ကောင်စီတပ်ဖွဲ့တပ်စွဲရာ စက်ယန္တရားကုန်းကို CDF-KKG တပ်ရင်း (၅)မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိမိတို့တပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
ကလေးမြို့နယ်အတွင်း ရန်ကြီးအောင် ကျေးရွာတွင်လည်းတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့တွင်ပင် သံဖိုကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဒေသခံ ပြည်သူများ၏ နေအိမ်၊ ဆန်စက်၊ ဆိုင်ကယ် စသည်တို့ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
CDF-KKG တပ်ရင်း (၃) ရဲဘော်များနှင့် ဒေသခံပြည်သူများ၏ ကြိုးစားငြိမ်းသတ်မှုကြောင့် ဆန်စက်မီးကို ငြိမ်းသတ်နိုင်ခဲ့သော်လည်း နေအိမ် ၂လုံးနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ပြာကျခဲ့ရသည်ဟု ဖော်ပြသည်။


















































