အကြမ်းဖက်စစ်ကောင်စီတပ်သည် ယင်းမာပင်နယ်ရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းစဉ် လူအင်အားအလုံးအရင်း၊ လက်နက်နှင့်နည်းပညာများအသုံးပြုနေကောင်း ယင်းမာပင်မြို့နယ်ရှိ ဒေသခံပြည်သူကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ယင်းမာပင်မြို့နယ် စည်လှောင်၊ လက်ပံတော၊ ကန်သာ၊ အိုးဘိုနှင့် ညောင်တုန်း စသည့် ကျေးရွာများသို့ ဝင်ရောက်နေသည့် စစ်ကြောင်းသည် အင်အား ၂၀၀ခန့်ပါဝင်သည်ဟု ဆိုသည်။
“ရှင်းလင်းရေးဝင်လာတဲ့ စစ်ကြောင်းတွေက ဟိုတုန်းက စစ်ကြောင်းတွေနဲ့မတူဘဲနဲ့ တပ်ရင်းတစ်ရင်းစာလောက် အင်အားဖြည့်ပြီးတော့ သူတို့မှာပါတဲ့ နည်းပညာပိုင်းတို့ သူတို့ကိုင်စွဲတဲ့ တိုက်ခိုက်ရေးပစ္စည်းတွေက အဆင့်မြင့်တဲ့ အရာတွေပါတယ်လို့ သုံးသပ်လို့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒေသတွင်းမှာ ဘယ်လိုပုံစံနဲ့ ကြုံတွေ့နေရလဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ တိုက်ခိုက်နှိမ်နင်းတဲ့ အဆင့်လောက် ရောက်နေပြီလား ဒီလိုမျိုး သတိထားရမယ့်အနေအထား ရှိနေပြီ”ဟု ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ပြော သည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်က ညောင်တုန်းရွာသို့ ရောက်ရှိစဉ် ဒရုန်းတစ်စီးဖြင့် ကင်းထောက်ရာ ဒေသခံ PDF ရဲဘော်တစ်ဦးက ထွက်ကြည့်ခဲ့ရာ ယင်းနေရာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ရဲဘော်ကျဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။ တစ်ဖက်တွင်လည်း စစ်ကောင်စီတပ် လမ်းကြောင်းအား မိုင်းများကြိုတင် ထောင်ထားရာ နည်းပညာအသုံးပြု ပစ္စည်းများ သယ်ဆောင်လာ၍ မိုင်းအားလုံး မဖောက်ခွဲနိုင်ကြောင်း၊ ကျွဲကျရွာအနီးတွင် ဗိုလ်သူရိန်တပ်ခွဲမှ မိုင်း ၃လုံးဖောက်ခွဲနိုင်ခဲ့၍ စစ်ကောင်စီတပ်မှသေဆုံးမှုများရှိကြောင်း အဆိုပါ PDF ခေါင်းဆောင်က ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် မတ်လ ၂၇ရက်မတိုင်ခင် ယင်းမာပင်၊ ကနီ၊ ပုလဲစသည့် စစ်ကိုင်းတိုင်းရှိမြို့နယ်များသို့ ရှင်းလင်းရေးဝင်မည်ဆိုသည့် သတင်းများ ရရှိထားကြောင်း ၎င်းက ဆိုသည်။
ဒေသအားလုံးရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီတပ်ကို ရင်ဆိုင်ရာ၌ ပို၍ သတိရှိကြရန်၊ ဒေသခံများအနေဖြင့်လည်း ၎င်းတို့ ဝင်ရောက်လာပါက အချိန်မဆိုင်းဘဲ ရှောင်ရှားကြရန် ယင်းမာပင်ဒေသတွင်းရှိ PDF ခေါင်းဆောင်က တိုက်တွန်းသည်။
“စားနပ်ရိက္ခာတွေကို ကိုယ်ရှောင်ရှားမယ့်နေရာတွေမှာ အထိုက်အလျောက် ပြင်ဆင်ထားဖို့ ဒါတွေလိုအပ်ပါလိမ့်မယ်။ဒေသခံပြည်သူတွေအားလုံးချိတ်ဆက်ပြီး စစ်ရှောင်မယ့်နေရာတွေမှာ ထားသိုကြမယ့် အရာတွေကို ဘယ်သူပစ္စည်းပဲဖြစ်ဖြစ် ကိုယ်ထားသိုတဲ့ပစ္စည်းမဟုတ်ရင် မယူမငင်ဘဲ စည်းကမ်းတကျ ပူးပေါင်းပြီးတညီ တညွတ်တည်းလုပ်ဆောင်ကြဖို့ လိုမယ်”ဟု ၎င်းက ပြော သည်။


















































