Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုင်းကိုင်မြို့နယ် တအာင်းပါတီ ဥက္ကဋ္ဌနှင့် မိသားစုကို RCSS သတ်ဖြတ်ကြောင်း သက်သေများရရှိဟု ဒေသခံပြော

ကားတိုက်ခံရ၍ သေဆုံးသွားသည့် မိခင်ဖြစ်သူ၏ နာရေးမှ ပြန်လာသည့် မိုင်းနုမ်ဟန်နှင့် မိသားစုသည် RCSS တပ်ဖွဲ့ဝင်များ နေရာယူထားသည့် ဂိတ်နှစ်ခုကို ဖြတ်သန်းစဉ် အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။

ဓာတ်ပုံ - ​ရွှေဖီ​မြေသတင်းဌာန

▪️ပါတီဥက္ကဋ္ဌ နှင့် ဇနီး၊ ၇ လအရွယ်သမီးငယ်တို့၏ ရုပ်အလောင်းကို ၂လခန့်အကြာ၌ ရှာဖွေတွေ့ရှိ

တအာင်း(ပလောင်)အမျိုးသားပါတီ၏ မိုင်းကိုင်မြို့နယ် ပါတီ ဥက္ကဋ္ဌ ဖြစ်သူ မိုင်းနုမ်ဟန်နှင့် ဇနီး၊ လသားအရွယ် သမီးငယ်တို့ကို ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS)က သတ်ဖြတ်သည့် သက်သေ အထောက်အထားများ ရရှိခဲ့ကြောင်း တအာင်းဒေသခံတစ်ဦးက ပြောသည်။

ကားတိုက်ခံရ၍ သေဆုံးသွားသည့် မိခင်ဖြစ်သူ၏ နာရေးမှ ပြန်လာသည့် မိုင်းနုမ်ဟန်နှင့် မိသားစုသည် RCSS တပ်ဖွဲ့ဝင်များ နေရာယူထားသည့် ဂိတ်နှစ်ခုကို ဖြတ်သန်းစဉ် အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။

ဓာတ်ပုံ – ​ရွှေဖီ​မြေသတင်းဌာန

ရုပ်အလောင်းကို ၎င်းတို့ မိသားစု ဖမ်းဆီးခံခဲ့ရသည့် မိုင်းကိုင်မြို့နယ် တုံလောရွာ အနီးရှိ ပန်ပွဲရွာ ဝန်းကျင်ရှိ တောထူထပ်သည့်နေရာမှ တွင်းဟောင်းတစ်ခု၌ မတ်လ ၉ရက်က တွေ့ရှိခဲ့သည်ဟု တအာင်းဒေသခံက ပြော သည်။

Public Service Announcement

Public Service Announcement

“သက်သေတော့ အများကြီးရထားတယ်။ အရင် RCSS က ငြင်းတာက အဲဒီနား တစ်ဝိုက်မှာ လက်နက်ကိုင်ပေါင်းစုံရှိတယ် အခြားတပ်ပေါင်းစုတွေလှုပ်ရှားနေတယ်ဆိုတဲ့ အကြောင်းပြချက်ရှိတယ်။ သေချာ မြေပြင်မှာ ကွင်းဆင်းကြည့်တဲ့အခါ မိုင်းနုမ်ဟန် အဖမ်းခံရတဲ့နေ့က ဇန်နဝါရီ ၁၀ရက်နေ့ကနေ ၂၄ရက်နေ့အထိ RCSS ပဲရှိတာ။ တပ်ပေါင်းစုက ၂၄ရက်နေ့မှ ရောက်တာ။ အဖမ်းခံရပြီး သတင်းကြားကြားချင်း ရွာသားတွေလည်း မိုင်းနုမ်ဟန်ရဲ့ ညီအပါအဝင် ရွာသားတွေက တုံလောရွာထဲဝင်ဖို့လုပ်တာ RCSSက ပေးမဝင်ဘူး” ဟု ဒေသခံက ပြောသည်။

မိုင်းနုမ်ဟန်သည် အဖမ်းမခံရမီ RCSS တပ်၏ ပထမဂိတ်ကို ကျော်လာစဉ် ပါတီတာဝန်ရှိသူများထံ ဖုန်းဆက်ခဲ့ကြောင်း ၎င်း ကဆိုသည်။

“ ပထမဂိတ်တော့ ကျွန်တော်ကျော်လာခဲ့ပြီ နောက်တစ်ဂိတ်ပဲကျန်တော့တယ် ဆိုတော့ နောက်တစ်ဂိတ်ကို ဖြတ်တဲ့အချိန် ၁၅ မိနစ်လောက်ကြာတဲ့အချိန်မှာ မိုင်းကိုင်မှာရှိတဲ့ ပါတီအဖွဲ့ဝင်တွေက ဖုန်းပြန်ဆက်တော့ ဖုန်းပိတ်ထားတယ်။ ဖုန်းပိတ်လို့ ရွာသားတွေသွားရှာတော့ အသင်းအစအန ပျောက်သွားတာ”ဟု ဒေသခံက ပြောသည်။

ဓာတ်ပုံ – ​ရွှေဖီ​မြေသတင်းဌာန

ထို့ပြင် RCSS တပ်မှ ထွက်ပြေးလာသည့် ပလောင်တစ်ဦးကလည်း မိုင်းနုမ်ဟမ် မိသားစုနှင့် ၎င်း ဆုံတွေ့ခဲ့သည့် သဲလွန်စကို ပြောပြခဲ့သည်ဟု ဆိုသည်။

“ မိုင်းနုမ်ဟန်ကို ဖမ်းတဲ့အဖွဲ့နဲ့ သူတို့ အဖွဲ့နဲ့ လမ်းမှာ ဆုံတာ။ လမ်းကြောင်းချင်းတော့ မတူဘူး ဒါပေမဲ့ RCSS အဖွဲ့တွေပဲ ။သူတို့က ဒီဘက်ကိုလာတာ။ မိုင်းနုမ်ဟန်ကို ဖမ်းထားတဲ့ RCSSကကျတော့ သတ်မယ့်ဘက်ကို သွားတဲ့ဘက်ပေါ့ လမ်းမှာ ဆုံတော့ လမ်းဘေးမှာနားကြတယ်။ နားတဲ့အချိန်မှာ အဖမ်းခံရတဲ့ သူတွေအများကြီးရှိတယ် ကြိုးတုပ်ပြီး ဖမ်းလာတာ။ အဲဒီအထဲမှာ ထူးခြားတာက ကလေးတစ်ယောက်ပါတယ်။ မိန်းကလေးချောချောလေး တစ်ယောက်ပါတယ်ပေါ့နော်။ မိုင်းနုမ်ဟန် လင်မယားနှစ်ယောက်က ပလောင်စကားပြောတော့ သူလည်း ဝင်စပ်စု လိုက်တာပေါ့။ အဲဒီတော့ မိုင်းနုမ်ဟန်က သူ့အမေရဲ့ အသုဘကို ပြန်လာတဲ့အချိန် အဖမ်းခံရတာလို့ ပြောတယ်တဲ့”ဟု ဒေသခံက ပြောပြသည်။

မိုင်းနုမ်ဟန် က ၎င်းကို ပြန်လွှတ်ပေးပါက ကားပေါ်ပါသည့် ကျပ်သိမ်း ၆၀ ပေးမည်ဟု RCSS တပ်ဖွဲ့ ခေါင်းဆောင်အား ပြောခိုင်းသော်လည်း အဆိုပါ RCSS တပ်မှ ပလောင်လူမျိုးက အပြစ်မရှိပါက ပြန်လွှတ်ပေးလိမ့်မည် သူပြော၍မရဟု တုံ့ပြန်ပြောကြားခဲ့သည်ဟု ဆိုသည်။

“ကလေးကလည်း တအားငိုတော့ သူ့မှာရှိတဲ့ ထမင်းကိုတောင် အဲဒီကလေးကို ထမင်းကျွေးလိုက်သေးတယ်တဲ့။သူက RCSS တပ်သားလုပ်တာ ကြာတဲ့အခါ ဖုန်းလည်းမသုံးရတော့ မိုင်းနုမ်ဟန်ဆိုတာ မိုင်းနုမ်ဟန်မှန်းကို မသိဘူး”ဟု ဒေသခံက ပြောပြသည်။

ဓာတ်ပုံ – ​ရွှေဖီ​မြေသတင်းဌာန

ထို့ပြင် ပန်ပွဲရွာအနီးရှိ တောင်ယာသို့ RCSS တပ်များ ဖြတ်သန်းသွားစဉ် ယာခင်း၌ရှိသူ တစ်ဦးက ကလေးငိုသံကြားခဲ့ကြောင်း၊ မိနစ် ၃၀ ခန့်အကြာတွင် သေနတ်သံလည်း ကြားခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

“RCSS တပ်သားတွေ အဲဒီမိသားစုကို တောင်ယာကိုဖြတ်ပြီး ခေါ်သွားချိန်မှာ အဲတောင်ယာက တဲထဲမှာ ကျွန်တော်တို့ ရွာသားတစ်ယောက် ရှိနေတယ်။ သူပြောတာက ကလေးငိုသံနဲ့ မိန်းကလေးအသံ တွေကြားလို့ သူအပေါက်ကနေ ချောင်းကြည့်တယ်။ အဲချိန် ည ၁၁ နာရီဝန်းကျင်ဖြစ်နေတော့ လူဖမ်းသွားမှန်းသိလို့ သူလည်း အသံမထွက်ရဲဘူး။ ခဏနေတော့ သူသေနတ်သံ ကြားရတယ်။ ၁၂ နာရီလောက်ရောက်တော့ RCSS တပ်သားတွေ ပြန်ဆင်းတာတော့။ သူက မသိသလိုနဲ့ မေးလိုက်တယ်။ ခင်ဗျားတို့ ခုဏက ဂျီ(သားကောင်) ပစ်တာရလားဆိုပြီး မေးတယ်။ RCSS ကလည်း ဂျီပစ်တာ မဟုတ်ဘူး။ SSPP လက်နက်တွေ မိထားလို့ စမ်းပစ်ကြည့်တာတဲ့” ဟု ရွာတာဝန်ရှိသူ တစ်ဦးက ဖြစ်စဉ်ကို ပြန်ပြောပြကြောင်း ရွှေဖီမြေသတင်းဌာန၌ ဖော်ပြထားသည်။

ထိုသို့ ထွက်ဆိုခဲ့သည့် တောင်ယာသမားသည် အလောင်းပြန်လည်ရှာဖွေတွေ့ရှိခဲ့၍ ကြောက်ရွံ့ပြီး ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်း ဖော်ပြထားသည်။

အလောင်းတွေ့ရှိရာတွင် မိုင်းနုမ်ဟန်၏ အလောင်းသည်တွင်းထဲသို့ ဇောက်ထိုး ပစ်ချခံရခြင်းဖြစ်ပြီး ၎င်း၏ အမျိုးသမီးမှာ ၇လအရွယ် သမီးငယ်ကို ကျောပိုးရင်း ပက်လက်လန်ပြီး တွင်းထဲ၌ သေဆုံးနေသည်ဟု ရွှေဖီမြေသတင်းဌာနက ဖော်ပြသည်။ အလောင်းများ ပုတ်ပွနေပြီဖြစ်၍ မည်သည့်နေရာ၌ ပစ်ခတ်ခံရသည်ကို မသိရသော်လည်း အနီးတဝိုက်မှ ကျည်ဆံ ၃၂ တောင့် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ကလေးအလောင်း၌ တွေ့ရှိသည့် ဦးထုပ်ကို RCSS တပ်မှ ထွက်ပြေးလာသည့် ပလောင်တပ်သားအား မေးမြန်းရာ ၎င်းတွေ့ခဲ့သည့် မိသားစု၏ ကလေးတွင်လည်း ဦးထုပ်ပါကြောင်း၊ မိုင်းနုမ်ဟန် အလောင်း၌ တွေ့ရသည့် အဝတ်အစားအရောင်နှင့် ၎င်းတွေ့ခဲ့သည့် ပလောင်မိသားစုမှ အမျိုးသား၏ အဝတ်အစားအရောင်မှာလည်း တူညီကြောင်း ပြောပြသည်ဟု ဒေသခံက ပြောသည်။

မိုင်းနုမ်ဟန် နှင့် အဆိုပါ ဒေသရှိ RCSS တပ်ဖွဲ့များသည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ကာလကလည်း ပြဿနာများဖြစ်ခဲ့သည်။ တအာင်းပါတီ မိုင်းကိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲဝင်မပြိုင်ရန် RCSS တပ်ဖွဲ့မှ တားဆီးသည့်အပေါ် မိုင်းနုမ်ဟန်က လက်မခံကြောင်း ပြောဆို၍ မိုင်းနုမ်ဟန်၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ကြုံခဲ့ရသည်ဟု ဆိုသည်

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းပြီး ဆုံးရှုံးသွား‌သောနယ်မြေများကို ပြန်သိမ်းမည်ဟု အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် က မတ်လ ၂၇ ရက်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် ထုတ်ပြောထားသည်။