▪️ပြည်သူ ၁၁၅ဦး၏ နေအိမ်များလည်း ချိတ်ပိတ်ခံရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လွှတ်တော်ကိုယ်စားလှယ် ၉၃ဦးအပါအဝင် ပါတီဝင် ၁၅၅ဦး၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို အကြမ်းဖက်စစ်ကောင်စီက ချိတ်ပိတ်ခဲ့ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ယနေ့ထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းသည့်နေ့မှစတင်ကာ NLD ဌာနချုပ်ရုံးအပါအဝင် နိုင်ငံ တဝန်းရှိ ပါတီရုံးများကို စုစုပေါင်း ၉၈ ကြိမ် ကျူးကျော်ဝင်ရောက်ကာ အကြမ်းဖက်ဖောက်ခွဲခြင်း၊ မီးရှို့ခြင်းများလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို မတရားချိတ်ပိတ်ခြင်းသည် NLD လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီဝင်များသာမက အရပ်သားပြည်သူများ၏ ပိုင်ဆိုင်မှုများလည်း ပါဝင်ခဲ့ကာ ပြည်သူများ၏ နေအိမ်အဆောက်အဦများ ချိတ်ပိတ်ခံရမှုမှာ ၁၁၅ကြိမ်ရှိပြီဟု ဗဟိုကော်မတီက ထုတ်ပြန်သည်။

Public Service Announcement
အထက်ပါ မှတ်တမ်းများသည် NLDမှ ကောက်ယူရရှိသော စာရင်းသာဖြစ်ပြီး ပကတိမြေပြင်တွင် ယခုထက် ပိုမိုနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တရားမဝင်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ မတ်လ ၁၄ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးခံရသူ ၁၃၀၀၀ ခန့်ရှိပြီး NLD ပါတီဝင် ၈၃၂ဦး ပါဝင်သည်။ ယင်းအနက် ၁၇၁ဦး ပြန်လည်လွတ်မြောက်လာသည်ဟု ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။
NLD ပါတီဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌများဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် အပါအဝင် ပါတီဝင် ၆၄၅ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ကြောင်း ဆက် လက်ဖော်ပြသည်။

မတရားဖမ်းဆီးထိန်းသိမ်းခံရသူများတွင် NLD လွှတ်တော်ကိုယ်စားလှယ် ၁၀၇ဦးပါဝင်ပြီး ၁၄ဦး လွတ်မြောက်ကာ ၉၂ဦးဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်သည်။
ထို့အပြင် ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း စစ်ကြောရေးညှင်းပန်းနှိပ်စက်မှုနှင့် အကျဉ်းထောင် အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် NLD ပါတီဝင် ၁၆ဦး ကွယ်လွန်ခဲ့ကြောင်း ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။
