Connect with us

Hi, what are you looking for?

News

KNU နှင့်ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် တပ်မှူးသုံးဦးကို DKBAထုတ်ပယ်

DKBA စစ်ဌာနချုပ် တာဝန်ရှိသူက “မော်ခီးစခန်း မဖြစ်ခင်ကတည်းက သွားထားတာ သူတို့က” ဟု DKBA တပ်မှူးများ KNUနှင့် ပူးပေါင်းဆောင် ရွက်နေသည့် အခြေအနေကို ပြောပြသည်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) မှ တပ်မှူးသုံးဦးကိုအဖွဲ့မှ အပြီးအပိုင် ထုတ်ပယ် လိုက်ကြောင်း DKBA စစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

“မှန်တယ် သုံးယောက်ဆိုတာ”ဟု DKBA အရာရှိက ပြောကြားသည်။

DKBAမှ ဒုဗိုလ်မှူးကြီး စောဖူးခလဲ့(ခ) စောနော်ခူး၊ ဒုဗိုလ်မှူးကြီး စောဝေကလယ်မူး၊ ဗိုလ်မှူး စောကော်အဲ့ဒို တို့သည် အဖွဲ့အစည်းမှ ပေးအပ်သော တာဝန်ထက်ကျော်လွန် လုပ်ဆောင် လျက် စစ်စည်းကမ်းကို ချိုးဖောက်သောကြောင့် အမိန့်ပြန်တမ်းစာထုတ်ပြန်သည့်နေ့(မတ်လ ၂၄ရက်)မှစ၍ တပ်ဖွဲ့မှ အပြီးအပိုင် ထုတ်ပယ်လိုက်သည်ဟု DKBAက ထုတ်ပြန်သည်။

မတ်လ ၂၁ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ KNLA/KNDO တပ်ဖွဲ့များနှင့် DKBA တပ်ဖွဲ့တို့ ပူးပေါင်း၍ မြ၀တီခရိုင် ဝေါ်လေဒေသရှိ စစ်ကောင်စီတပ်၏ မော်ခီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခု DKBAက ထုတ်ပယ်ခဲ့သည့် တပ်မှူး ၃ဦးအနက် DKBA (၉၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖူးခလဲ့(ခ) စောနော်ခူးသည် မော်ခီးစခန်း တိုက်ခိုက်သိမ်းပိုက်ရာ၌ KNLA တပ်ဖွဲ့နှင့်အတူ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ကရင်သတင်းဌာန KIC က ဖော်ပြသည်။

DKBA စစ်ဌာနချုပ် တာဝန်ရှိသူက “မော်ခီးစခန်း မဖြစ်ခင်ကတည်းက သွားထားတာ သူတို့က” ဟု DKBA တပ်မှူးများ KNUနှင့် ပူးပေါင်းဆောင် ရွက်နေသည့် အခြေအနေကို ပြောပြသည်။

ကရင်တိုင်းရင်းသားတစ်ဦးက DKBA အနေဖြင့် ၎င်းတို့ တပ်မှူးသုံးဦးကို ထုတ်ပယ် လိုက်ခြင်း သည် စစ်ကောင်စီတပ်နှင့် ပြဿနာမဖြစ်လို၍ဟု တွက်ဆ၍ရကြောင်း ပြောသည်။

“သူတို့ကတော့ လက်ရှိ မြန်မာစစ်တပ်နဲ့ သူတို့က ပြဿနာမဖြစ်ချင်လို့ သူတို့လူတွေ သူတို့ ထုတ်ပယ်လိုက်တယ်။ အဲဒါပဲပေါ့။”ဟု ၎င်းက ဆိုသည်။

KIC သတင်းဌာန၏ ဖော်ပြချက်တွင် စစ်ကောင်စီတပ်၏ မြ၀တီရှေ့တန်းရုံး ခလရ (၂၇၅) တပ်ရင်းမှူးက မြ၀တီရှိ DKBA ဆက်ဆံရေးရုံး တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံရာ၌ DKBA အနေဖြင့် ပြတ်ပြတ်သားသား ရပ်တည်ရန်၊ စစ်ကောင်စီနှင့် ပူးပေါင်းရန်၊ အကယ်၍ မပူးပေါင်းပါက အဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်းနှင့် တပ်စခန်းများကို အာမခံချက် မပေးကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ပါရှိသည်။

DKBAသည် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခွဲထွက်ကာ ယခင်စစ်အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ထားသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သကဲ့သို့ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ယခု စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ထိတွေ့ ဆက်ဆံမှုဆက်ရှိနေသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။