ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ စုကလိမြို့အနီး ထီးကပလယ်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကျေးရွာသုံးရွာက ဒေသခံပြည်သူ ၃၀၀ ကျော် ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၂၅ ရက်က ထီးကပလယ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဟာ မနက် ၆ နာရီကျော်ကနေ နေ့လည် ၁၁ နာရီအထိကြာမြင့်ကာ စစ်ကောင်စီဘက်က လေယာဉ်နှစ်စင်းနဲ့ လေကြောင်းပစ်ကူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ လေကြောင်းပစ်ကူပေးတဲ့အပြင် ဝေါ်လေမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ဗျူဟာကုန်းကနေ လက်နက်ကြီး ၁၀ ချက်ကျော် ပစ်ကူပေးခဲ့ပြီး ဒီလိုပစ်ခတ်မှုကြောင့် ပနောထကျေးရွာထဲက နေအိမ်နှစ်လုံးနဲ့ ကားတစ်စီး ထိမှန်ပျက်စီးသွားခဲ့ပြီး ဒေသခံနေအိမ်အများအပြား ကျည်စထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

ဒါ့အပြင် ဒီကနေ့ မတ်လ ၂၆ ရက် မနက် ၁ နာရီအချိန်ခန့်က စစ်ကောင်စီဘက် လေယာဉ်နဲ့ထပ်မံတိုက်ခိုက်ခဲ့ရာ တဝေါသောကျေးရွာအတွင်းက ရွာသားတစ်ဦးရဲ့ နေအိမ်ကို ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဒူးပလာခရိုင်က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ၊ လေယာဉ်နဲ့တိုက်ခိုက်တာတွေ အမြဲတစေပြုလုပ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာနဲ့အနီးအနားက ထီးကပလယ်ကျေးရွာ၊ သဝေါသောကျေးရွာနဲ့ ဥကရိခီးကျေးရွာက လူဦးရေ (၃၄၃)ဦးတို့ဟာ ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ရတယ်လို့ သိရပါတယ်။

“မနေ့ နေ့လယ်ပိုင်းလောက်ကတည်းက စပြေးလာတာ။ လေယာဥ်တွေလာတယ်လေ။ သူတို့က ဘယ်ကို ပစ်လို့ပစ်ချင်မှန်းမှမသိတာ။ အဲ့ဒါကြောက်လို့ မိသားစုတွေခေါပြီးထွက်ပြေးလာတာ။ လက်ရှိနေရထိုင်ရတာ စားရသောက်ရတာကတော့ အဆင်ပြေပါတယ်၊ ရေပြသာနာတော့ နည်းနည်းရှိတာပေါ့။ ဒါပေမဲ့ နေလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်အိုးကိုယ့်အိမ်မှာပဲပြန်နေချင်တာပေါ့’ လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ထိုင်းနယ်စပ် ဥကရီးစစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၃၀၀ ကျော်ရှိနေပြီး နေရာထိုင်ခင်း၊ ဆေးဝါးနဲ့ သောက်သုံးရေရှားပါးမှုပြသနာတွေ ကြုံတွေ့နေရတယ်လို့ ဒူးပလာယာခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


















































