ပညာရေးနှင့် ကျန်းမာရေး CDM အင်အားစုများ ပူးပေါင်းပြီး CDMလှုပ်ရှားမှုနှင့် တိုက်ပွဲမြှင့်တင်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
CDM လှုပ်ရှားမှုအရှိန်အဟုန် မြှင့်တင်အားစေရန်၊ CDM ဝန်ထမ်းများ၏ လိုအပ်ချက်များကို စနစ်တကျကူညီထောက်ပံ့နိုင်ရန်၊ ရည်ရွယ်ချက်တူ၊ ဘုံရည်မှန်းချက်တူညီသော CDM လှုပ်ရှားမှု အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရန် ပထမခြေလှမ်းအဖြစ် အထက်ပါကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။
CDM ဝန်ထမ်းထုကြီးသည် စစ်အာဏာရှင်စနစ်နှင့်အတူ မည်သည့်အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ချေမှုန်းနိုင်ရန် ရည်ရွယ်ပြီး မတရားအာဏာသိမ်းမှု တစ်နှစ်ကျော်ကြာကာလတိုင်အောင် အခက်အခဲအမျိုးမျိုးကို ကြံ့ကြံ့ခံတွန်းလှန်ခဲ့ကြကြောင်း ဖော်ပြသည်။
ယင်းသို့ ကြံ့ကြံ့ခံရပ်တည်တွန်းလှန်ခဲ့ကြသော CDM တို့၏ နွေဦးတော်လှန်ရေးအပေါ် ခံယူချက်နှင့် ၎င်းတို့၏ သစ္စာတရားကို အလေးအနက်အသိအမှတ်ပြုကြောင်းနှင့် CDM လှုပ်ရှားမှုသည် နွေဦးတော်လှန်ရေး၏ အလွန်အားကောင်းသော အစောဆုံးလှုပ်ရှားမှုကြီးဖြစ်ကြောင်း ဆက်လက် ဖော်ပြသည်။

Public Service Announcement
သို့သော် တော်လှန်ရေးကြီးလျှင်မြန်စွာ အောင်မြင်ရေးအတွက် တော်လှန်ရေး၏ထောက်တိုင်များညီညွတ်မျှတစွာ အရှိန်အဟုန်မပျက်အားကောင်းစေရန် အထူးလိုအပ်ပြီး တော်လှန်ရေးထောက်တိုင် များ အချင်းချင်း အပြန်အလှန် ကူညီအားဖြည့်နေလျက်ရှိကြောင်း ထုတ်ပြန်သည်။
တော်လှန်ရေးထောက်တိုင်အသီးသီးပိုမိုခိုင်မာအားကောင်းစေရေးအတွက် CDM လှုပ်ရှားမှု အရှိန်ကို ပြန်လည်တွန်းတင်ရန် အရေးကြီးသော အချိန်ဖြစ်သည်ဟုလည်း ဖော်ပြသည်။
ယခုအချိန်မှစတင်ပြီး တနိုင်ငံလုံးရှိ CDM လှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်နေကြသော အဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့် သမဂ္ဂအဖွဲ့များကိုလည်း တော်လှန်ရေးအောင်မြင်မှုကို ရည်ရွယ်၍ ပူးပေါင်းလုပ်ဆောင်ပေးကြရန်နှင့် အချိန်ပြည့်တံခါးဖွင့်ကြိုဆိုနေကြောင်း ဖိတ်ခေါ်ထုတ်ပြန်သည်။
အထက်ပါထုတ်ပြန်ချက်ကို အခြေခံပညာပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီ (BEWU-SC)၊ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ(RC of UTAs)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်(MTF)၊ အခြေခံပညာပညာရေးဝန်ထမ်းများ အထွေထွေ သပိတ်ကော်မတီ(BEGSC)၊ နည်းပညာဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်(TTF)၊ ရန်ကုန်ဆေး ပညာကွန်ရက်(YMN)၊ ကျန်းမာရေးမိသားစုမန္တလေး(MFM)၊ အရေးပါသောလှုပ်ရှားမှု (CM)၊ CDM ဆေးပညာကွန်ရက်(CDMMN) နှင့် ချင်းတွင်းဆေးပညာကွန်ရက်(CMN) တို့က ပူးတွဲထုတ်ပြန်သည်။


















































